ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တိုက်ပွဲများအတွင်း စစ်ဘေးရှောင်နေစဉ် ထိုင်းဒေသခံများမှ ခေါ်ယူမသွားနိုင်၍ ချန်ထားခဲ့ရသည့် အိမ်မွေးတိရစ္ဆာန်များအတွက် တာဝန်ရှိသူများက ကယ်ဆယ်ရေး ခိုလှုံရာ နေရာများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်သူအများစုသည် ခွေး၊ ကြောင် ကဲ့သို့ အိမ်မွေးတိရစ္ဆာန်များကို ခေါ်ယူသွားနိုင် ခဲ့ကြသော်လည်း ခေါ်ယူနိုင်ခြင်းမရှိသည့် တိရစ္ဆာန်များအတွက် ထိုင်းမွေးမြူရေးဌာန အရာရှိများက ဒေသခံတာဝန်ရှိသူများထံ အကူအညီတောင်းခဲ့ရာ ယခုအခါ ခိုလှုံစရာနေရာ အများအပြား အသင့် ပြင်ဆင်ထားပြီဖြစ်သည်။

ဆူရင်းပြည်နယ်တွင်လည်း ဒေသမွေးမြူရေးနှင့် သုတေသနစင်တာရှေ့၌ လှောင်အိမ်အများအပြားဖြင့် ကယ်ဆယ်ရေးစင်တာတစ်ခု ပြုလုပ်ပေးခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့က ခွေးနှင့်ကြောင် အကောင် ၂၀ ဝန်းကျင်ကို ခိုလှုံခွင့် ပေးနိုင်ခဲ့ကြောင်း သိရသည်။

အိမ်မွေးတိရစ္ဆာန်ယူဆောင်ခွင့်မပြုသည့် နေရာတွင် စစ်ဘေးရှောင်နေရသည့် မူလတန်းပြဆရာမ မစ္စစ် ဝီလာဝမ် (Mrs. Wilawan) က “ကျွန်မအိမ်မှာ မီးနဲ့ရေ ပြတ်နေပါပြီ။ သူတို့ကို (ခွေး) အိမ်မှာ ထားခဲ့ဖို့အတွက် အဆင်မပြေဘူးလို့ ကျွန်မခံစားရတယ်။ သူတို့ကြောက်နေမှာကို ကျွန်မစိုးရိမ်တယ်” ဟု ပြောကြားခဲ့သည်။

မစ္စစ် ဝီလာဝမ်က သူမမွေးထားသည့် ခွေးနှစ်ကောင်ကို လက်ခံပေးထားသည့် တိရစ္ဆာန်များ ခိုလှုံရန် နေရာပေးထားသော တာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်းနှင့် အခမဲ့ နေခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများကို ပြောဆိုခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာ ထိုင်းအရှေ့မြောက်ပိုင်းခရိုင်များမှာ လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ကြသည့် ဒေသများဖြစ်ပြီး၊ အန္တရာယ်ဇုန်အတွင်း ကျန်ရစ်ခဲ့သည့် ကျွဲ၊ နွား စသည့် မွေးမြူရေး တိရစ္ဆာန်များအတွက်လည်း တာဝန်ရှိသူများက အစာများ ပြင်ဆင်ထားကြကြောင်း သိရသည်။

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ တိုက်ပွဲများကြောင့် နယ်စပ်ဒေသရှိ ခရိုင် ၈ ခုမှ ဒေသခံ ၁၈၀,၀၀၀ ကျော်မှာ ဘေးလွတ်ရာများသို့ စစ်ဘေးရှောင်တိမ်းနေကြရပြီး၊ လုံခြုံရေးအခြေအနေများကြောင့် အာဏာပိုင်များက နေရပ်သို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန် သတိပေးထားကြောင်း သိရသည်။

ကိုးကား – Khaosod