
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်တွင် စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ ကြေးရုပ်ကို စစ်ကောင်စီအဖွဲ့ဝင်များ ဖြုတ်ယူသွားကြကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၂၈ ရက် နံနက် အစောပိုင်းတစ်နာရီခန့်တွင် ဗိုလ်ချုပ်ကြေးရုပ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ ဇဝနဒီပရပ်ကွက်မှ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပျူစောထီးများကလာရောက်၍ ဖြုတ်သိမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။
ဖြုတ်သိမ်းခံရသည့် ကြေးရုပ်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့် ပုပ္ဗသီရိမြို့နယ်တွင် ဖွင့်လှစ်စိုက်ထူခဲ့ပြီး အဆိုပါကြေးရုပ်ဖြစ်မြောက်ရေးအတွက် ဦးရည်မွန်နှင့် ဦးမောင်မောင်ဆွေတို့က ဦးဆောင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
“ဇဝနဒီပရပ်ကွက်မှာ စိုက်ထူထားတဲ့ကြေးရုပ်ကို အစောကြီးပဲ အဖွဲ့စုံရောက်လာပြီး လာဖြုတ်သွားတာ” ဟု နေပြည်တော်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် အာဇာနည်နေ့က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဇာနည်နေ့အထိမ်းအမှတ်ဖြင့် အာဇာနည်ကုန်းသို့ ဂါဝရပြုသွား ရောက်ခဲ့သေးသည်။
ဒီမိုကရေစီအစိုးရလက်ထက်တွင် ပန်းခြံနှင့် ထင်းရှားသည့်နေရာများတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များကို စိုက်ထူခဲ့ပြီး စစ်တပ်အာဏာကသိမ်းပြီးချိန်တွင် နေရာအနှံ့အပြားမှ ကြေးရုပ်ထုများကိုဖျက်ဆီး ဖြုတ်သိမ်းမှုများ ပြုလုပ်လာခြင်းဖြစ်သည်။
လက်ရှိတွင် ဗိုလ်ချုပ်ကြေးရုပ်ဖျြုတ်သိမ်းသွားသည့် ပန်းခြံပတ်ဝန်းကျင်တွင် လုံခြုံရေးများချထားကြောင်း ဒေသခံများထံက သိရသည်။