
ဧရာဝတီတိုင်း
(မင်းတပ်)၊ဇူလိုင်၂၉ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ ခလရ-၂၇၆ တပ်ရင်းအနီးတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်း၍ ပြင်းထန်ဒဏ်ရာရရှိပြီး အမျိုးသမီးတစ်ဦးသည် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပြည်သူများ အသုံးပြုသွားလာနေပြီဖြစ်သည့် ခလရ-၂၇၆ တပ်ရင်းအနီးတွင် ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က အမျိုးသမီးနှစ်ဦး ထင်းထွက်ရှာရာမှ စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ ခဲ့ခြင်းဖြစ်သည်။
“မိုင်းနင်းတဲ့နေရာက မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်ပြီးလို့ လူတွေလည်း သွားလာနေကြပြီ ဖြစ်ပါတယ်။ မိုင်းနင်းတဲ့ အမျိုးသမီးက ခြေတစ်ဖက် ပြင်းထန်ဒဏ်ရာရတယ်။ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ခြေတစ်ဖက်ဆုံးရှုံးရတဲ့အခြေအနေပါ။ နောက်တစ်ယောက်က မျက်နှာမှာတစ်ခုလုံးမှာ အနည်းငယ်ဒဏ်ရာရတယ်”ဟု မင်းတပ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုင်းနင်းသည့် အမျိုးသမီးနှစ်ဦးသည် အသက် ၃၂ ဝန်းကျင်ရှိ မမိုးရီ နှင့် မမြူးလှီး တို့ဖြစ်ကြောင်းသိရပြီး ၎င်းတို့နှစ်ဦးစလုံး ဆေးကုသမူခံယူနေကြောင်း သိရသည်။
မင်းတပ်မြို့တွင် လျှပ်စစ်မီးမရရှိသည့်အတွက် စစ်ဘေးရှောင်ရာမှ ပြန်လာကြသည့် မြို့ခံပြည်သူများ သည် ထမင်း၊ ဟင်း ချက်ပြုတ်ရာတွင် မီးသွေး နှင့် ထင်းတို့ကို အဓိက အသုံးပြုနေရသည်။
“မင်းတပ်မြို့မှာ လျှပ်စစ်မီးမရတော့ဘူး။ စစ်ဘေးရှောင်ကလည်း ပြန်လာကြတဲ့သူတွေရှိလာပြီ။ သူတို့တွေ ထမင်း၊ ဟင်း ချက်ပြုတ်ဖို့ ထင်းရှာပြီး ချက်ပြုတ်တယ်။ အခုက ထင်းတွေ မြို့အနီးအနားမှာ အလွယ်တကူ ခွေလို့ရတယ်။ ခက်တာက အဲ့နေရာတွေမှာ မိုင်း၊ စစ်ကျန်ပစ္စည်းတွေ ရှင်းလင်းရေးတွေ လုပ်ပေမယ့် ကျန်ခဲ့တဲ့ဟာတွေ ရှိနေသေးတယ်။ အခုမိုင်းနင်းတာလည်း အဲဒါတွေကြောင့်ပါ” ဟု မင်းတပ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
CDF – Mindat က မင်းတပ်မြို့အတွင်းရှိ ဌာနဆိုင်ရာ ရုံးများ၊လမ်းမပေါ် နှင့် အခြားနေရာများတွင် စစ်ကောင်စီ ထောင်ထားသည့် မိုင်းမျိုးစုံအလုံးရေ ၂၀၀၀ ထက်မနည်း ရှင်းလင်းနိုင်ခဲ့ကြောင်း ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပြည်သူများနေဖြင့် မိုင်းရှင်းရေး လုပ်ငန်းများ မလုပ်နိုင်သေးသည့်နေရာများတွင် သွားလာခြင်း မပြုလုပ်ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၁၇ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
မင်းတပ်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် CDF-Mindat ပါဝင်သည့် ချင်းညီနောင်(CB)နှင့် မဟာမိတ်ပူးပေါင်းတပ်မှ သိမ်းပိုက်ရရှိထားသည်။
ဓာတ်ပုံ- လူမှုကွန်ရက်၊ CDF-Mindat
ပုံစာ- မြေမြှုပ်မိုင်းနင်း၍ ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးနှင့် မင်းတပ်မြို့တွင်း မိုင်း ရှင်းလင်းရေးဆောင်ရွက်စဥ် သိမ်းဆည်းရမိသည့် စစ်ကောင်စီ မိုင်းများကိုတွေ့ရစဥ်။