ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ဗုံးကြဲချ တိုက်ခိုက် ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်၊ ရွှေဘုံသာ ရပ်ကွက်နှင့် BOC ကားကြီးကွင်းအနီးတို့ကို လေကြောင်းမှ ပေါင် ၅၀၀ ဗုံးသုံးလုံးနှင့် ပေါင် ၂၅၀ ဗုံးနှစ်လုံးအပါ အဝင် စုစု‌ပေါင်း ဗုံး ငါးလုံး လာရောက်ကြဲချတိုက် ခိုက်ခဲ့ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကထုတ်ပြန်သည်။

“လူတွေအထိအခိုက်ရှိပါတယ်။ မိုးတွေအရမ်းရွာနေတဲ့ကြားက လာကြဲသွားတာပါ။ မြို့ပေါ်လူနေ အိမ်တွေပေါ်ကို ကြဲချတာပါ။ သုံးကြိမ်လာကြဲတာပါ” ဟု မိုးကုတ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ဗုံးကြဲချမှုကြောင့် ပြည်သူ လေးဦးသေဆုံးကာ ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၈ လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မိုးကုတ်မြို့ကို ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့တွင် တစ်ကြိမ်၊ ဇူလိုင် ၉ ရက်နေ့တွင် တစ်ကြိမ်၊ ဇူလိုင် ၁၁ ရက်နေ့တွင် တစ်ကြိမ်၊ ဇူလိုင်လ ၂၆ ရက်တွင် တစ်ကြိမ် ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်သူများတည်ရှိရာကို ဦးတည်၍ လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးလာရောက်ကြဲချခဲ့ကြောင်း TNLA ထံမှသိရသည်။

တိုက်ခိုက်မှုကြောင့် ကလေးငယ် နှစ်ဦးနှင့် အမျိုးသား လေးဦး သေဆုံးခဲ့ပြီး ပြည်သူ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၄ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီထောက်ခံ ဝါဒဖြန့်ချန်နယ်များတွင် စစ်ကောင်စီတပ်က လူနေရပ်ကွက်နေအိမ်များ အပေါ်ဗုံးကြဲမှုကို မိုးကုတ်ရှိအကြမ်းဖက်များကို ဖယ်ရှားရှင်းလင်းနေပြီဟု အားပေးထောက်ခံ ရေးသားဖော်ပြလျက်ရှိသည်။

ဓာတ်ပုံ-TNLA