ရသေ့တောင်တွင် AA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲဧရိယာ ပိုကျယ်ပြန့်လာ

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၃၁ ရက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဘက်ပိုင်းတွင် ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ်တို့ ဩဂုတ် ၃၀ ရက်နေ့ ညနေ ၆ နာရီကျော်ခန့် က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိတွေ့တိုက်ပွဲမှာ ရသေ့တောင်မြို့နယ်၊ မညင်းတောင်ကျေးရွာအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

“မညင်းတောင် တောင်ကုန်းမှာ စစ်တပ်က နေရာယူထားတာ ကြာပြီ။ လက်နက်ငယ်ပစ်ခတ်အသံတွေလည်း ကြားရတယ်။ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ လက်နက်ကြီးပစ်တာ မီးခိုးတွေတောင် မြင်ရတယ်”ဟု တိုက်ပွဲဖြစ်သည့် မညင်းတောင်ကျေးရွာအနီ သမီးလှရွာသစ် ကျေးရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကစတင်၍ ရက္ခိုင့်တပ်တော် – AA ခြေကုပ်ယူထားသည့် ချင်းပြည်နယ်တောင်ပိုင်း

ပလက်ဝမြို့နယ်တွင်လည်းကောင်း၊ လက်ရှိ သြဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိင်း မောတော၊ မြောက်ဦး ဒေသတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ယမန်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲ ထပ်ဖြစ်ကာ စစ်ကောင်စီတပ်နှင့် AA တို့၏ တိုက်ပွဲဖြစ်ပွားမှုဧရိယာ ပိုမိုကျယ်ပြန့်လာခဲ့သည်။

မညှင်းတောင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းကြောင့် အနီးအနားရှိကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ရေမျက်ကျေးရွာသားတစ်ဦးက ပြောသည်။

“မှိုင်းဆွဲ တိုက်ခိုက်သံတော့ မကြားဘူး။ လက်နက်ကြီး၊ လက်နက်ငယ်အသံတွေကြားတယ်။ ကျနော်တို့ရွာနဲ့ နီးတော့ရွာကလူတွေ ထွက်ပြေးနေကြပြီ။ သူတို့(စစ်တပ်)က တိုက်ပွဲဖြစ်ပြီဆိုရင် လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်တော့ ကြောက်ပြီးထွက်ပြေးနေကြတာ” ဟု ၎င်းကပြောသည်။

ရသေ့တောင်မြို့နယ်တွင် ဩဂုတ်လ ၁၃ ရက်နေ့က အေအေနှင့်စစ်ကောင်စီတပ်တို့ ဒုံးပိုက်နှင့် ချိန်ခါလိန်ကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃၁ ဦး သေဆုံးခဲ့ပြီး လက်နက်အများအပြား သိမ်းဆည်း ရမိခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲ ဗျူဟာကုန်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သလို မြောက်ဦးမြို့နယ်၌ စစ်ကောင်စီယာဉ်တန်းကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ရွာမှ အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၆၀ အရွယ်

အဘွားအိုတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်။

ဓာတ်ပုံ – AA Info Desk

#ရခိုင် #AA #တိုက်ပွဲသတင်း #ရသေ့တောင် #Ayeyarwaddy_Times