
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်နှင့်ချောင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး၊ စစ်တောင်း၊ ရွှေကျင်၊ သံလွင်မြစ်နှင့် မယ်ဆိုင်ချောင်း တို့သည် စိုးရိမ်ရေမှတ်အထက် ၅ ပေကျော်အထိ မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)၏ ယနေ့ ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။
ရေကြီးမှုကြောင့် တောင်ငူ၊ ရွှေကျင်၊ မဒေါက်၊ ဘားအံ၊ ဘီလင်း နှင့် တာချီလိတ်မြို့များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ရေဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ရန် သတိပေးထားသည်။
ယနေ့နံနက်ပိုင်းတွင် တိုင်းတာရရှိသည့် မြစ်ရေအမှတ်များသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေ ခန့်ရောက်ရှိနေပြီး လာမည့် တစ်ရက်အတွင်း ၂ ပေ ခန့် ထပ်မံမြင့်တက်နိုင်ကာ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၅ ပေ ကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ၁ ပေခွဲ ခန့် ထပ်မံမြင့်တက်လာနိုင်သည်။
ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲ ကျော်လွန်နေပြီး လာမည့် တစ်ရက်အတွင်း ၁ ပေ ခန့် ထပ်မံမြင့်တက်လာနိုင်ပါသည်။ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲ ကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ၁ ပေ ခန့် ထပ်မံမြင့်တက် နိုင်သည်။
ဘီလင်းမြစ်ရေသည် ဘီလင်းမြို့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်နေပြီး လာမည့်တစ်ရက် အတွင်း ၁ ပေခွဲ ခန့် ထပ်မံမြင့်တက်လာနိုင်ကာ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့တွင် စိုးရိမ် ရေမှတ်အထက် ၅ ပေခွဲ ကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ၂ ပေ ခန့် ထပ်မံမြင့်တက်နိုင်ကြောင်း မိုး/ဇလ ထံမှ သိရသည်။
ထို့အပြင် တောင်ပေါ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင်လည်း ကလော ချောင်းရေကြီးမှုကြောင့် မြို့အနိမ့်ပိုင်းရပ်ကွက်များနှင့် ကားလမ်းမကြီးပေါ်၌ ရေကြီးမှုများ စတင် ဖြစ်ပေါ်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
အဆိုပါ မြစ်ချောင်းများရေကြီးရေလျှံမှုကြောင့် သက်ဆိုင်ရာမြို့နယ်များအတွင်းရှိ လူမှုကူညီရေး အဖွဲ့အစည်းများနှင့် မီးသတ်ဦးစီးဌာနတို့က ရေဘေးသင့်နေသည့် အိမ်ထောင်စုများကို ရေလွတ် ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးနေရကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင်မူ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိုင်းပေါက် မြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ထောက်ပံ့ရေးပစ္စည်း ၁၆ မျိုးနှင့် ဆန်အိတ် ၁၀၀ အပါအဝင် ပစ္စည်းလေးမျိုးကို စစ်ကောင်စီ၏ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် ပြည်နယ်အစိုးရတို့မှ ထောက်ပံ့ပေးခဲ့ ကြောင်း စစ်ကောင်စီအာဘော် သတင်းများတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်၊ MFS