ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၈ ရက်

ထိုင်းနှင့် ကမ္ဘောဒီးယားဖြစ်ပွားနေသည့်တိုက်ပွဲ ငါးရက်မြောက်နေ့တွင် နှစ်ဖက်ခေါင်းဆောင်များက ချက်ချင်းအကန့်အသတ်မရှိ အပစ်အခတ်ရပ်စဲရန် သဘောတူလိုက်ကြောင်း ယနေ့ ဇူလိုင် ၂၈ ရက်က မလေးရှားနိုင်ငံ၊ ပူထရာဂျာယာမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များသည် ယခုဖြစ်ပွားနေသည့် ပဋိပက္ခကို ချက်ချင်း အဆုံးသတ်ရန်အတွက် ယနေ့ ဇူလိုင် ၂၈ ရက် သန်းခေါင်ယံအချိန်မှစတင်ကာ အကန့်အသတ်မရှိ အပစ်အခတ်ရပ်စဲရန်နှင့် တိုက်ရိုက်ဆက်သွယ်မှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြသည်။

နှစ်နိုင်ငံပဋိပက္ခကို ထိန်းချုပ်နိုင်ရန် နိုင်ငံတကာမှ ကြိုးပမ်းနေချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ၏ စီစဉ်မှုဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များသည် မလေးရှား၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အန်ဝါက “ဇူလိုင် ၂၈ ရက်နေ့ သန်းခေါင်ယံအချိန်ကစပြီး အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းနဲ့ အကန့်အသတ်မရှိ စတင်မှာဖြစ်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲဖွင့်ပွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များဘေး၌ ပြောကြားခဲ့သည်။

ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့၏ နယ်စပ်အငြင်းပွားမှုတိုက်ပွဲသည် ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက် စတင်ခဲ့ပြီး အဆိုပါ ပဋိပက္ခကို ဖြေရှင်းရန်အတွက် တရုတ်နှင့် အမေရိကန်တို့ကလည်း ကူညီရန် ကမ်းလှမ်းခဲ့ကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယမန်နေ့ ဇူလိုင် ၂၇ ရက်နေ့က ခေါင်းဆောင်နှစ်ဦးစလုံးကို ဖုန်းခေါ်ဆိုခဲ့ပြီး ၎င်းတို့၏သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန်နှင့် တိုက်ပွဲများမရပ်ပါက ကုန်သွယ် ရေး သဘောတူညီချက်များ ချုပ်ဆိုမည်မဟုတ်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။

ဓာတ်ပုံ-Anwar Ibrahim (Facebook)