
ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ ဇူလိုင် ၂၉ ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ လပတ်ရွာရှိ ဒေသခံ ၁၃ ဦးကို ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့က ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့မှ ဝင်ရောက်သတ်ဖြတ်ခဲ့ကြောင်း ၎င်းတို့၏ လက်ဝေခံ မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ပြောဆိုခဲ့သည်။
ဖြစ်စဉ်မှာ ကျောက်ကြီးမြို့နယ်၊ လပတ်ရွာ နှင့် ရင်းတိုက်ကုန်း ကျေးရွာတို့တွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီက ယခုကဲ့သို့ဝါဒဖြန့် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့၀င်များထံမှ သိရသည်။
“စစ်တပ်မိသားစုနဲ့ ပြည်သူအချို့ တိုက်ပွဲထဲပိတ်မိနေချိန် စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီး တွေပစ်လို့ ထိခိုက်ကြတာ။ သူတို့ကို PDF တွေက ကယ်ထုတ်ပြီး ဆေးကုပေးတာပဲရှိခဲ့ပါတယ်။ တိုက်ပွဲလွတ်ရာကိုပို့ပေးခဲ့ရပါတယ်။ စစ်တပ် လေကြောင်းပစ် လက်နက်ကြီးပစ်လို့ထိတာကို ဝါဒဖြန့် စွပ်စွဲတာပါ။ ဒါ သူတို့လုပ်နေကြပါပဲ” ဟု ပဲခူးတိုင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် လပတ်ရွာအတွင်း ဝင်ရောက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို စစ်ကောင်စီက ကယ်ထုတ်၍ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ဝါဒဖြန့်ပြောဆိုမှုတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့ကဖြစ်ပွားခဲ့သည့် လပတ်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရသည်။
ကျောက်ကြီးရှိ လပတ်ရွာနှင့် ရင်းတိုက်ကုန်းရွာ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးလည်း ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း အမှတ်-၂ စစ်ဆင်ရေးနယ်မြေ၏ ထုတ်ပြန်ချက် အရ သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – တိုက်ပွဲအတွင်းပိတ်မိနေသည့်ဒေသခံများ