ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာသည့် စစ် သင်္ဘော ၃၇ စင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂၀ ကျော်သာ ရှေ့ဆက်တက်လာကြောင်း သိရသည်။

လက်နက်၊ ရိက္ခာနှင့် လူအင်အားများတင်ဆောင်လာသည့် စစ်သင်္ဘောအပါအဝင် စစ်ကောင်စီ ရေယာဉ် အုပ်စုမှာ ယနေ့ ဇူလိုင် ၂၈ ရက်နေ့တွင် ဖောင်းပြင်မြို့နယ် သရောင်းရွာကို ရောက်ရှိ လာပြီဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“မနေ့က မီးလောင်သွားတဲ့သင်္ဘောကနေ လက်နက်၊ ပစ္စည်းနဲ့ ရိက္ခာတွေ အခြားသင်္ဘောပေါ်ကို ရွှေ့တင်ပြီး အဲဒီသင်္ဘောကိုထားခဲ့တယ်။ ကျန်တဲ့သင်္ဘောတွေဆက်သွားတယ်”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ရေယာဉ်အုပ်စုသည် ချင်းတွင်းမြစ်တစ်လျှောက်ရှိ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်နှင့် ဖောင်းပြင်မြို့နယ်များတွင် ကမ်းကပ်ရပ်နားပြီး လက်နက်၊ ရိက္ခာများ ချထားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၂၆ ရက်နေ့က မော်လိုက်နှင့် ဖောင်းပြင်မြို့အကြားတွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေယာဉ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စင်း ပျက်စီးခဲ့သည်။

စစ်သင်္ဘောများကမ်းကပ်ရပ်နားရာ ဒေသတစ်လျှောက်တွင် သင်္ဘောအချို့ပါ ကမ်းကပ်ကျန်ခဲ့ပြီး ယခုဖောင်းပြင်သို့ ရောက်ရှိချိန်တွင် စစ်သင်္ဘော ၂၃ စင်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

စစ်သင်္ဘောများ ဆန်တက်ရာလမ်းတစ်လျှောက်တွင် ကမ်းနံဘေးရှိ ကျေးရွာများကို လက်နက်ကြီး၊ စက် သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဖောင်းပြင်မြို့နယ်ရှိ ဆွတ်နန်း၊ မင်းယား၊ စန္ဒယား၊ အင်ကြင်းမော်၊ သဖန်းဆိပ်စသည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေရသည်။

ပုံစာ-ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်တစ်စင်းအား တွေ့ရစဉ်။