ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် လျှပ်စစ်မီးသုံးစွဲသူများကို မီတာခကောက်ခံရာတွင် ကျသင့်သည့်ယူနစ်ထက် ပိုမိုတောင်းခံမှုများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

မီတာခကောက်ရာတွင် သုံးစွဲခြင်းမရှိသည့်ယူနစ်များ တိုးမြှင့်ကောက်ခံခြင်းနှင့်ပတ်သတ်ပြီး ပုသိမ်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကိုမေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိ​ဘဲ မီတာမဆောင်ပါက မီတာဖြုတ်သိမ်းမည်ဟုသာ ပြောကြားခဲ့သည်ဟု သိရှိရသည်။

“ခုလာတဲ့မီတာစာရွက်က အရင်လကဟာပေါ့၊ ဘာမှလဲ မသုံးရပဲနဲ့ မီတာခက နှစ်သိန်းဖြစ်နေတာမေးတော့ ရုံးမှာလာမေးလို့ ပြောသွားတယ် “ဟု ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိပုသိမ်မြို့တွင် တစ်နေ့လျှပ်စစ်မီး ပျက်တောက်မှုမှာ ခြောက်ကြိမ်ထက်မနည်းရှိနေပြီး မီးရရှိချိန်တွင် မီးအားနည်းမှုများကြောင့် အသေးစားစက်မှုလုပ်ငန်းလုပ်ကိုင်သူများ အဆင်မပြေကြောင်း ဒေသခံများထံမှသိရှိရသည်။

ပုသိမ်မြို့တွင် လျှပ်စစ်မီးပုံမှန်မရသော်လည်း မီတာခကို ပုံမှန်လာရောက်ကောက်ယူပြီး မီတာခမဆောင်နိုင်သောနေအိမ်များနှင့် ကြွေးကျန်ရှိသောနေအိမ်များမှ မီတာများကို EPC ၀န်ထမ်းများက လာရောက်ဖြုတ်သိမ်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။