
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ်၊ ညောင်ကျိုးအနီးရှိ ကျောက်ဖူးကျေးရွာမှ ဗိုလ်မှူးစိုးမင်းထွန်းကို မူးယစ် ဆေးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
လဲရွာစစ်ဆေးရေးဂိတ်စခန်း၏ ခေါင်းဆောင်ဖြစ်သူ အမှတ် (၉) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၉)မှ ဗိုလ်မှူးစိုးမင်းထွန်းကို စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
“ဒီအမှုကကြီးပါတယ်။ ဘယ်လောက်ကြီးသလဲဆိုရင် ဆင်ကြီးဂဠုန်ချီသလောက်ကြီးပါတယ်။ ကပစ စစ်သားတွေကြားမှာ ဗိုလ်မှူးစိုးမင်းထွန်းက သိန်းရာချီတန်ခြံဝိုင်းတွေ ဝယ်ယူနိုင်တဲ့အထိ ကြီးပွားလာတာ ဖြစ်ပါတယ်”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မကွေးတိုင်းအတွင်း တာဝန်ကျနေသည့် စရဖမှ ဗိုလ်မှူးကျော်မင်းထွန်းဦးစီးသောအဖွဲ့က လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ ဗိုလ်မှူးစိုးမင်းထွန်း၏တပည့် ပိုင်ပိုင်ဆိုသူက မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများပြုလုပ်နေသည်ကို ဆက်စပ် ခြေရာခံမိပြီး နယ်ကျော်ဝင်ရောက်ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးစိုးမင်းထက်ကို ဖမ်းဆီးလာပြီးနောက် သရက်စစ်ကြောရေးသို့ ပို့ဆောင်ကာစစ်ဆေးနေပြီး ဖမ်းဆီးမိချိန်တွင် တပည့်လေးဦးနှင့်အတူ မူးယစ်ဆေးဝါး ကာလတန်ဖိုး သိန်း ၁၇၀၀ ကျော်ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုကို ပိုင်ရှင်မဲ့ပြုလုပ်ရန် ဒကစမှူးကိုယ်တိုင် ညှိနှိုင်းနေပြီး ပန်းတောင်းတပ်နယ်မှူးမှတစ်ဆင့် သရက်စစ်ကြောရေးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် တိုက်ရိုက်ညွှန်ကြားနေကြောင်း တပ်သတင်း ရင်းမြစ်ကဆိုသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ကပစ စစ်ဆေးရေးဂိတ်ခေါင်းဆောင်ကို ဖမ်းမိသည့်အတွက် ကပစ ၃၊ ၅၊ ၆၊ ၉၊ ၁၆ မှ အရာရှိများပါ စစ်ဆေးခံရနိုင်ဖွယ်ရှိပြီး ဆေးစစ်ခံရမည့် အနေအထားရှိနေကြောင်း သတင်း ရင်းမြစ်ထံမှ သိရသည်။