
စစ်ကောင်စီလက်အောက်ဖွင့်လှစ်ထားသည့် စာသင်ကျောင်းတခု
ဧရာဝတီတိုင်းမ်
ဇွန်လ ၂၈ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ထင်းပုံကွင်းကျေးရွာအုပ်စု၊ ရှမ်းချောင်းကျေးရွာ အလယ်တန်းကျောင်းမှာ ကျောင်းလုပ်သား မရှိတာကြောင့် ကျောင်းသားများက နေ့စဥ်သန့်ရှင်းရေးလုပ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောင်းအုပ်ဆရာကြီးရဲ့ ခိုင်းစေမှုကြောင့် ကျောင်းသားများမှာ နေ့စဥ် ကျောင်းဆင်းချိန်တိုင်း ကျောင်းသန့်ရှင်းရေးနဲ့ ကျောင်းဝေယျာဝစ္စလုပ်ကိုင်နေရလို့ အိမ်ပြန်ချိန်နောက်ကျတာကြောင့် မိဘတွေက စိုးရိမ်နေတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။
” ကျောင်းမှာက ကျောင်းလုပ်သားမရှိဘူး။ ဆရာ၊ဆရာမ ၆ ယောက်နဲ့ ကျောင်းအုပ်အပါမှ ၇ ယောက်ပဲရှိတယ်။ ကျောင်းဆင်းချိန်က ၄ နာရီဆိုပေမယ့် ညနေတိုင်း သန့်ရှင်းရေးလုပ်ရတယ်။ ကျောင်းဝေရာဝစ္စလုပ်ရတယ်။ အဲ့တော့ ညနေ ၆ နာရီဝန်းကျင်လောက်မှ အိမ်ပြန်ရောက်ကြတယ်။ တချို့ဆို တော်တော်ဝေးတယ်။ ကျောင်းလာတက်ရတာ။ မှောင်ချိန်မှ ကလေးတွေပြန်လာကြတာဆိုတော့ မိဘတွေက စိတ်ပူနေကြတယ်” လို့ လပွတ္တာမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အဆိုပါ အလယ်တန်းကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဝန်းကျင်တက်ရောက်လျှက်ရှိနေပြီး အနီးအနားရွာများကသာမက ရပ်ဝေးဂှိကျေးရွာများမှ ကျောင်းသားများလည်း တက်ရောက်နေတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။
” ခုကကျောင်းမှာ စာသင်ခန်းတွေတင်မကဘူး အိမ်သာတွေပါ သန့်ရှင်းရေးလုပ်နေရတာ။ ကလေးတွေဆိုတော့လည်း ကျောင်းအုပ်ကခိုင်းတော့ လုပ်ရတာပေါ့” လို့ လပွတ္တာမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ကျောင်းပြန်လည်အပ်နှံသူ ၉၀၀,၀၀၀ ကျော်ဖြင့် မြန်မာတနိုင်ငံလုံးတွင် အများဆုံးအပ်နှံထားတယ်လို့ စစ်ကောင်စီရဲ့စာရင်းတွေအရ သိရပါတယ်။