ဧရာဝတီတိုင်းမ်
ကံပေါက် ၊ ဇွန်လ ၂၈ ရက်

တနသာ်ရီတိုင်း၊ ထားဝယ်ရိုင်သရက်ချောင်းမြို့နယ် ကျောက်ဖြူတောင်အနီးတိုက်ပွဲ၌ ထားဝယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ (DDF) ရဲဘော်နှစ်ဦးကျဆုံးခဲ့ရပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ(၂၅)ရက်၊နံနက်(၁၀)နာရီခွဲခန့်က စစ်ကောင်စီတပ်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားငါးဦးသေဆုံး ပြီးသုံးဦးဒဏ်ရာရှိခဲ့၍ DDF ရဲဘော်နှစ်ဦးကျည်ထိမှန်ကျဆုံးခဲ့ပြီး တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရပါတယ်။

အဆိုပါရဲဘော်နှစ်ဦးမှာ ကိုဖိုးခွား၊ကိုမိုးသဝါးတို့ဖြစ်ကြပြီး တိုင်းပြည်နှင့်ပြည်သူလူထုအတွက် ဖယ်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း မြင့်မြတ်စွာကျဆုံးကြွေလွှင့်ခဲ့သဖြင့် မိသားစုနှင့်အတူ
အဖွဲ့သားများမှဝမ်းနည်းကြေကွဲကြောင်း DDF က ထုတ်ပြန်ထားပါတယ်။

၎င်းမြို့နယ်အတွင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖက်က ထားဝယ်-မြိတ်ကားလမ်းမကိုအသုံးပြု၍ သွားလာပြုလုပ်စဥ် ကားကိုအရှိန်ပြင်းစွာနဲ့မောင်းနှင်ပြီး လမ်းတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်သွားပါကြောင်း ဒေသခံများ ထံမှသိရပါတယ်။

ဓာတ်ပုံ/ဒေါင်းမင်းစစ်ဆင်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့