ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇွန်လ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်အခြေစိုက် ဗိုလ်ဂဠုန်ယင်းမာပင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဂဠုန်ကို ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ အမည်မသိသေနတ်သမားအဖွဲ့က ပစ်ခတ်သွားခဲ့လို့ သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဝင်တွေဆီကသိရပါတယ်။

အဖွဲ့ခေါင်းဆောင် ဗိုလ်ဂဠုန်ဟာ သူ့ရဲ့နေအိမ်ကိုပြန်နေစဉ်မှာ အမည်မသိသေနတ်သမား ၂ ဦးက အိမ်ရှေ့မှာကြိုစောင့်ပြီး သေနတ်နဲ့ ၈ ချက်ပစ်ခတ်သွားခဲ့တာလို့ဆိုပါတယ်။

“ဗိုလ်ဂဠုန်က မနေ့က သူနေတဲ့ရွာကနေ တခြားရွာကိုသွားသေးတယ်။ အပြန်မှာ သူနဲ့အသိလို့ပြောတဲ့ ဧည့်သည်နှစ်ယောက်ပါလာတယ်။ အဲ့ဒီဧည့်သည် နှစ်ယောက်ကို စခန်းမှာထားခဲ့ပြီး ထမင်းကြွေးခိုင်းပြီး သူကအိမ်ပြန်အိပ်တာ။ဒီလူတွေကို ကျွန်တော်တို့သိလဲမသိဘူး။ ထမင်းကြွေးပြီးတော့အဲ့ဒီ ၂ ယောက်ကလည်းပြန်တော့မယ်ဆိုပြီးထွက်သွားတာ။ ညဘက်ကျ ဗိုလ်ဂဠုန် ရွာထဲကနေ အိမ်အပြန်မှာ အိမ်ခြံစည်းရိုးတံခါးဖွင့်နေတုန်းသေနတ်နဲ့ ၈ ချက်နဲ့ ပစ်သွားတာ။ သူ့ကိုပစ်တာ အဲ့ဒီသူခေါ်လာတဲ့ ၂ ယောက်လို့ယူဆရတယ်။ ကျွန်တော်တို့စုံစမ်းနေတယ်”လို့ ဗိုလ်ဂဠုန်တပ်ရင်းမှ ရဲဘော်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဗိုလ်ဂဠုန် ပစ်ခတ်ခံရတဲ့ နယ်မြေဟာ စစ်ကောင်စီသတင်းပေးတွေနဲ့ပျူစောထီးတွေ မရှိသလို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့နယ်မြေလဲဖြစ်တယ် လို့ ဒေသခံတွေနဲ့တော်လှန်ရေးအဖွဲ့တွေဆီကသိရပါတယ်။

“ဗိုလ်ဂဠုန် သေနတ်နဲ့အပစ်မခံရခင် သူခေါ်လာတဲ့ ဧည့်သည် ၂ ယောက် ဗိုလ်ဂဠုန်ရဲ့အိမ်ရှေ့ သုံးလေးခေါက်ဖြတ် လျှောက်နေတာလို့သိရတယ်။ဒီလူတွေကိုမသင်္ကာဘူး၊ ဗိုလ်ဂဠုန်လဲသေနတ်နဲ့ပစ်ခံရပြီးရော ဒီလူနှစ်ယောက်လဲပျောက်သွားတယ်။ ညတွင်းချင်းဒီလူတွေကိုလိုက်ရှာတာအစအနရှာလို့မရတော့ဘူး။ ဒါပေမယ့်ချောင်းအစပ်မှာ ပွိုင့်ဖိနပ်တစ်ဖက်တော့ သက်သေခံအ ဖြစ်ရထားတယ် “လို့ တပ်ဖွဲ့ဝင်တဦးက ဆက်လက်ပြောပါတယ်။

ဗိုလ်ဂဠုန်ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ် ခေါင်း ဆောင် ဗိုလ်ဂဠုန် အခုလိုလုပ်ကြံခံရပြီးတဲ့နောက် တပ် ရင်းရဲဘော်များက ဘယ်အဖွဲ့ကလုပ် ဆောင်တယ် ဆိုတာကို စုံစမ်းရှာဖွေနေတယ်လို့ ဗိုလ်ဂဠုန်တပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။