
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇူလိုင် ၂၇ ရက်)
ရန်ကုန်ဆေးရုံကြီးရဲ့ ဖျားနာဆောင်အမှတ် (၁-၂) ဒေါ်ပုဆောင် အနီးမှာ အမှိုက်စိုတွေ စုပုံနေတဲ့ နေရာတစ်ခုရှိပါတယ်။ ဆေးရုံမှာ တာဝန်ကျနေတဲ့ အလုပ်သင်ဆရာဝန်တစ်ယောက် အတွက်တော့ ဆေးရုံဆိုတာ အိမ်လိုပါပဲ။ အဲဒီအမှိုက်ပုံမှာ အခြေချရှင်သန်ကြတဲ့ ကြွက်တွေဟာလည်း တဖြည်းဖြည်းနဲ့ အင်အားကြီးမားလာပြီး လူနာဆောင်တွေအထိ ကျူးကျော်ဝင်ရောက်ကာ အစာရှာဖွေ ဖျက်ဆီးတတ် ကြပါတယ်။
ကြွက်တွေအကြောင်း စဉ်းစားလိုက်တိုင်း ကျွန်တော့်ရဲ့အတွေးထဲမှာ ဒီမြင်ကွင်းဟာ အရင်ဆုံး ပေါ်လာစမြဲပါ။ အမှိုက်ပုံနဲ့ ဆေးရုံမှာနေတဲ့ ကြွက်တွေဟာ ကျန်းမာရေးကို ဆိုးကျိုးများဖြစ်စေတဲ့ တိရစ္ဆာန်တွေဆိုတာ လူတိုင်းသိကြပေမဲ့ ကြွက်အန္တရာယ်ကင်းရှင်းရေးကို အမှန်တကယ်ပြောရရင် အားလုံးက မျက်နှာလွှဲထားခဲ့ကြပါတယ်။
#ကြွက်
ကြွက်ဆိုတာ “အကောင်သေးသေး အမြီးရှည်ရှည်” တိရစ္ဆာန်လေးတွေဖြစ်ပါတယ်။ အရွယ်အစား သွင်ပြင် နေထိုင်ရာနေရာ ဗီဇလက္ခဏာ တွေအလိုက် ကြွက်အကြီး(rat) အမျိုအစား မျိုးကွဲ၅၆ မျိုး ကြွက်အသေး (mice) မျိုးကွဲ ၃၈မျိုး ကမ္ဘာပေါ်မှာ ပျံ့နှံနေထိုင်ကြပါတယ်။
ပတ်ဝန်းကျင်တွင် ကြွက်ဟုဆိုလိုက်လျှင် လူအများစုက ရောဂါသယ်ဆောင်သူ၊ အနှောင့်အယှက် ပေးသော တိရစ္ဆာန်ဟုသာ ပြေးမြင်တတ်ကြပါတယ်။ ဒင်္ဂါးပြားမှာတောင် ခေါင်းနှင့်ပန်း မတူညီတဲ့ နှစ်ဖက်ရှိသေးတာမို့ ကြွက်တွေမှာလည်း လူသိနည်းတဲ့ ကောင်းကျိုးများနှင့် လူသိများသော ဆိုးကျိုး များ ဆိုပြီးရှိပါတယ်။ ဘက်မျှအောင်ကြည့်လိုက်ရင်ဖြင့် ကြွက်များရဲ့သဘော သဘာဝကိုနားလည် သွားမှာပါ။
#ကြွက်များ၏ကောင်းကျိုး
လူအများစုက ကြွက်ကို ရောဂါသယ်ဆောင်သူ၊ ဖျက်ဆီးတတ်သော တိရစ္ဆာန်ဟုသာ သတ်မှတ်ကြပေမဲ့ ကြွက်တွေဟာ လူသားနှင့် သဘာဝပတ်ဝန်းကျင်အတွက် အံ့ဩဖွယ်ကောင်းလောက်အောင် အကျိုးပြုတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။
ကြွက်တွေရဲ့ မျိုးဗီဇ (Genetic)၊ ဇီဝကမ္မဗေဒ (Physiological) နှင့် ခန္ဓာဗေဒ (Anatomical) အချက်အလက်တွေဟာ လူသားများနှင့် အလွန်နီးစပ်တူညီမှုရှိတာကြောင့် ဆေးပညာ သုတေသန များအတွက် ဆေးဝါးအသစ်တွေရဲ့ အာနိသင်နှင့် ဘေးထွက်ဆိုးကျိုးတွေကို စမ်းသပ်တဲ့အခါ မရှိမဖြစ်လိုအပ်ပါတယ်။ ကင်ဆာ၊ ဆီးချို၊ အယ်လ်ဇိုင်းမားကဲ့သို့သော လူသားတို့၏ ရောဂါများကို လေ့လာခြင်းနှင့် ကုထုံးများရှာဖွေခြင်းတို့မှာလည်း ကြွက်များကို မရှိမဖြစ် အသုံးချနေကြရပါတယ်။
ဒါကြောင့် ကြွက်တွေဟာ သူတို့ရဲ့အသက်ကို စတေးပြီးလူသားတွေရဲ့ ကျန်းမာရေးနဲ့ သက်တမ်းကို တိုးတက်စေခဲ့တဲ့အတွက် ဓာတ်ခွဲခန်းက ကြွက်ကလေးတွေဟာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေလို့ ဆိုနိုင်ပါတယ်။
ကြွက်တွေဟာ မွေးဖွားနှုန်း မြင့်မားတာကြောင့် မြွေ၊ သိမ်းငှက်၊ ဇီးကွက်၊ မြေခွေး၊ ကြောင် စတဲ့ သားရဲတိရစ္ဆာန်များအတွက် အစာကွင်းဆက်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်နေပြီး ဂေဟစနစ်ကို ဟန်ချက်ညီစေပါတယ်။ ဂေဟစနစ်မှာ ကြွက်များ လုံးဝပျောက်ကွယ်သွားပါက သားရဲတိရစ္ဆာန်များ အရေအတွက်ကို ထိခိုက်စေပြီး အစာကွင်းဆက် (Food Chain) တစ်ခုလုံး ပြိုကွဲသွားနိုင်ပါတယ်။
ကြွက်တွေက အသီးအနှံများကို စားသုံးပြီးနောက် အစမချေဖျက်နိုင်တဲ့ အစေ့များကို မစင်မှတစ်ဆင့် နေရာအနှံ့သယ်ဆောင် ဖြန့်ကျက်ပေးပါတယ်။ အစေ့များပျံ့နှံ့ဖြန့်ကျက်သွားခြင်းက သစ်ပင်အသစ်များ ရှင်သန်ပေါက်ရောက်ရန်နှင့် သစ်တောများ ပြန်လည်ဖြစ်ထွန်းရန်အတွက် အရေးကြီးလွန်းတဲ့ သဘာဝဖြစ်စဉ်ပါ။
ယနေ့ခေတ်မှာ “HeroRATS” လို့ခေါ်တဲ့ အထူးလေ့ကျင့်ပေးထားတဲ့ ဧရာမအာဖရိကကြွက်ကြီး (African Giant Pouched Rat) တွေကို မြေမြှုပ်မိုင်းများ ရှာဖွေရှင်းလင်းရာမှာ အသုံးပြုလာကြပါပြီ။ သူတို့ရဲ့ အနံ့ခံအာရုံဟာ အလွန်ထက်မြက်ပြီး ကိုယ်အလေးချိန်ပေါ့ပါးတာကြောင့် မိုင်းပေါ်နင်းမိရင်ပင် မပေါက်ကွဲနိုင်ဘဲ လူသားတွေရဲ့ အသက်ကိုကယ်တင်ပေးနေပါတယ်။
ကြွက်ကလေးကို ကာတွန်းဇာတ်ကောင်အဖြစ် ဖန်တီးထားတဲ့ Mickey Mouse & Mini Mouse, Tom & Jerry, Remy Ratatouille, Cinderella စတဲ့ ကာတွန်းကားတွေမှာလည်း ကလေးငယ်များအကြိုက် ကြွက်ကာတွန်းဇာတ်ကောင်တွေအဖြစ် မြင်တွေ့နိုင်ပါတယ်။
#ကြွက်ကြောင့်ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများ
ကြွက်တွေဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့ ရောဂါမျိုးစုံကို သယ်ဆောင်လာနိုင်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ပလိပ်ရောဂါ (Plague) ဟာ ကြွက်မှ လူကိုကူးစက်ခဲ့တဲ့ ရောဂါဆိုးပဲဖြစ်ပါတယ်။
ကြွက်တွေဟာ လက်ပတိုစပိုင်ရိုးစစ် (ကြွက်သေးမှကူးစက်တဲ့ရောဂါ)၊ ပလိပ်ရောဂါ၊ ဟန်တာဗိုင်းရပ်စ်၊ ဆယ်လ်မွန်နဲလား ကဲ့သို့ လူကိုသေစေနိုင်သည်အထိ ပြင်းထန်တဲ့ ရောဂါပိုးမွှား ၃၅ မျိုးထက်မနည်းကို သယ်ဆောင်ပြီး ကူးစက်စေနိုင်ပါတယ်။ကြွက်သေး ၊ မစင် ၊ တံတွေးနှင့် ကြွက်မွေးများမှာ တွယ်ကပ် နေတဲ့ ကပ်ပါးကောင်များမှတစ်ဆင့် ရောဂါတွေကို ဖြန့်ကျက် ပြန့်ပွားစေပါတယ်။ ကြွက်ကြောင့် သန်း၊လှေး၊ မှက်၊ မွှားများ ခိုကပ်ပေါက်ဖွားလာပြီး ရောဂါဆန်းများ ထပ်မံကူးစက် နိုင်ပါတယ်။
ကြွက်တွေဟာ လယ်ကွင်းများ၊ စပါးကျီများနှင့် စားနပ်ရိက္ခာသိုလှောင်ရုံများမှ ကောက်ပဲသီးနှံများကို အများအပြား ဖျက်ဆီးစားသောက်ကြပါတယ်။ ထို့အတူ သွားချွန်များဖြင့် ဝါယာကြိုး၊ ရေပိုက်၊ သစ်သားပရိဘောဂများကို ကိုက်ဖြတ်တတ်တာကြောင့် လျှပ်စစ်ဝါယာရှော့ခ်မှ မီးလောင်မှုများပါ ဖြစ်ပွားနိုင်ပါတယ်။
အဆက်မပြတ်ရှည်ထွက်လာတဲ့ ချွန်ချွန်ထက်ထက်သွားများဖြင့် ဝါယာကြိုး၊ ရေပိုက်၊ သစ်သား၊ ပရိဘောဂ၊ စာရွက်စာတမ်း မြင်မြင်သမျှတို့ကို ကိုက်ဖြတ်ဖျက်ဆီးကြတာကြောင့် ကြွက်ဆိုသည်နှင့် ဖျက်ဆီးတတ်တဲ့ရန်သူလို့ လူအများက သဘော ထားကြပါတယ်။ ဝါယာကြိုးများ ကြွက်ကိုက်၍ လျှပ်စစ်ဝါယာရှော့ခ်မှ မီးလောင်မှုမျာလည်း ဖြစ်ပွားနိုင်ပါတယ်။
ကြွက်တွေဟာ နေအိမ်နှင့် စားသောက်ဆိုင်များကိုကျူးကျော်ပြီး အစားအစာများကို ဝင်ရောက်စားသုံး တဲ့အခါ သူတို့ရဲ့ မစင်နဲ့ သေးတွေ စွန့်ခဲ့တာကြောင့် အစာအဆိပ်သင့်ခြင်းတွေဖြစ်တတ်ပါတယ်။ မီးဖိုချောင်နှင့် စာသောက်ဆိုင်များတွင် အစားအသောက်ကိုင်တွယ်သည့် စနစ်တိုင်းမှာလည်း ကြွက်အန္တရာယ် ကာကွယ်ရေးကို အလေးပေးဆောင်ရွက်သင့်ပါတယ်။
#ကြွက်မှကူးစက်သည့်ရောဂါများ
-ပလိပ်ရောဂါ (Plague)
ပလိပ်ရောဂါ (Plague) ဟာ ကမ္ဘာ့သမိုင်းတစ်လျှောက် လူသန်းပေါင်းများစွာကို သေဆုံးစေခဲ့သော ကပ်ရောဂါကြီးဖြစ်ပြီး ကြွက်တွေမှာ ကပ်ငြိနေထိုင်တဲ့ သန်း၊လှေးများ (fleas) မှတစ်ဆင့် လူကိုကူးစက်ပါတယ်။ ပလိပ်ရောဂါကို သယ်ဆောင်ထားတဲ့ကြွက်များသေတဲ့အခါ သန်းများ လှေးများဟာ အခြားသက်ရှိတွေမှာ ကပ်ငြိနေထိုင်ဖို့ ကြွက်ခန္ဓာကိုယ်ကိုစွန့်ခွာရပါတယ်။ ကြွက်သန်း ကြွက်လှေး များလူကိုကိုက်ခဲရာမှ ပလိပ်ရောဂါကူးစက်ခြင်းဖြစ်ပါတယ်။
အကျိတ်အဖုများထွက်ခြင်း၊ ပြင်းထန်စွာဖျားခြင်း၊ ချမ်းတုန်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားပြီး လူသားရာဇဝင်တွင် ကပ်ရောဂါအဖြစ် ဖြစ်ပွားပြီးအသေအပျောက် များခဲ့ရပါတယ်။
-လယ်သမားရောဂါလက်ပတိုစပိုင်ရိုးဇစ် (Leptospirosis)
လက်ပတိုစပိုင်ယား( Leptospira ) ဟာ ဘက်တီးရီးယား ရှိတဲ့ ကြွက်သေးရည်နှင့် ထိစပ်နေသော ရေနှင့်မြေကို ထိတွေ့မိခြင်းမှ လူကိုကူးစက်ပါတယ်။ အရေပြားပေါ်မှာရှိတဲ့ ထိခိုက်ရှနာများမှတစ်ဆင့် ရောဂါပိုးဝင်ရောက်ကူးစက်သွားပြီး အပြင်းဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲ ခြင်း၊ မျက်လုံးနီရဲခြင်း၊ အသားဝါခြင်း၊ ကျောက်ကပ်နှင့် အသည်းကဲ့သို့ ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်း လက္ခဏာများ ခံစားရနိုင်ပါတယ်။ ရောဂါလက္ခဏာများ ခံစားရပါက ဆရာဝန်ဖြင့် ပြသတိုင်ပင် ကုသ ရပါမယ်။ ပိုးသတ်ဆေးများဖြင့်စနစ်တကျ ပျောက်ကင်းသည်အထိကုသရန် လိုအပ်ပါတယ်။
-ဟန်တာဗိုင်းရပ်စ် (Hantavirus Pulmonary Syndrome)
ဒီရောဂါကတော့ သိထားဖို့သာလိုအပ်ပါတယ်။မြန်မာနိုင်ငံမှာအခုအချိန်ထိဖြစ်ပွားခြင်းမရှိသေးပါဘူး။ ကြွက်ရဲ့ မစင်၊ သေးရည်၊ တံတွေးတို့ ခြောက်သွေ့ပြီးနောက် လေထဲမှာ ဖုန်မှုန့်အဖြစ် လွင့်ပျံနေသည်ကို ရှူရှိုက်မိခြင်းမှ ကူးစက်နိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်သည့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။
အဖျားတက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်းတို့စဖြစ်ပြီး အဆုတ်အတွင်း အရည်များစုပုံလာကာ အသက်ရှူရခက်ခဲလာပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ အခြေအနေထိ ဖြစ်ပေါ်တတ်ပါတယ်။ အဲ့ဒီရောဂါခံစားရတဲ့ လူနာသုံးယောက်မှာ တစ်ယောက်ခန့် အသက်သေဆုံးသွားနိုင်တာကြောင့် အထူးစိုးရိမ်ရတဲ့ရောဂါဖြစ်ပါတယ်။
-ကြွက်ကိုက်ဖျားနာ (Rat-Bite Fever)
ကြွက်ကိုက်ခံရ၍ဖြစ်စေ ကြွက်ကုတ်ခြစ်ခံရ၍ဖြစ်စေ ဘက်တီးရီးယားပိုးဝင်သွားတဲ့အခါ ကြွက်ကိုက် ဖျားနာ ဖြစ်ပွားတတ်ပါတယ်။ ရောဂါပိုးရှိနေသော အစားအစာ သို့မဟုတ် ရေကို သောက်သုံး မိခြင်းကြောင့်လည်း ကူးစက်တတ်ပါတယ်။ဖျားခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာ ကျင်ခြင်းနှင့် အရေပြားတွင် အနီကွက်များထွက်ခြင်းတို့ ဖြစ်ပွားတတ်တာကြောင့် ကြွက်ကိုက်ခံရလျှင် မပေါ်ဆပဲ ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ အပြောင်းအလဲများကိုဂရုစိုက်ကာ လိုအပ်ပါကဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးပါ။
-ဆယ်လ်မွန်နဲလားရောဂါ (Salmonellosis)
ကြွက်မစင်နှင့် ထိတွေ့သွားသော အစားအစာနှင့် ရေမှကူးစက်ခံရနိုင်သော အစာအဆိပ်သင့်ခြင်း ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဖျားခြင်းနှင့် ဗိုက်အောင့်ခြင်း လက္ခဏာများခံစားရနိုင် ပါတယ်။ ဒီရောဂါကလည်း လူနာအခြေအနေစောင့်ကြည့်ပြီး ပိုးသတ်ဆေးများဖြင့် စနစ်တကျကုသရန် လို အပ်တာကြောင့် ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။
#ကြွက်အန္တရာယ်မှကာကွယ်ခြင်း
ကာကွယ်ခြင်းသည် အကောင်းဆုံး ကုသခြင်းဖြစ်ပါတယ်။ ကြွက်မှကူးစက်ဖြစ်ပေါ်တတ်တဲ့ရောဂါများ အန္တရာယ်မှ မိမိကိုယ်ကိုယ်နှင့် မိသားစုကိုကာကွယ်ဖို့ နည်းလမ်းလေးတွေ လိုက်လုပ်သင့်ပါတယ်။
အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပါ။ အမှိုက်နှင့် စားကြွင်းစားကျန်များကို စနစ်တကျ အဖုံးအုပ်လုံခြုံစွာ စွန့်ပစ်ပါ။ သန့်ရှင်းရေးကို အထူးဂရုပြု ရှင်းလင်းထားပါက ကြွက်များ ခိုအောင်း ရန်အတွက် အဟန့်အတားဖြစ်စေပါတယ်။
အစားအစာများကို ကြွက်မဖောက်နိုင်သော ဘူး၊ ပုံးများဖြင့် လုံလုံခြုံခြုံ အဖုံးဖုံးအုပ်၍ သိမ်းဆည်းပါ။ ကြွက်များ ဝင်ရောက်သွားလာနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ပါ။ အိမ်ရှိ အပေါက်များ၊ အက်ကွဲကြောင်းများကို သေချာစွာ ပိတ်ဆို့ပါ။ ရေပိုက်များ၊ လေဝင်ပေါက်များကို သံဇကာများဖြင့် ကာရံထားပါ။ ကြွက်များ ခိုအောင်းနိုင်တဲ့ နေရာတွေ မရှိအောင်ရှင်းလင်းပါ။ အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ ချုံနွယ်များ၊ ပစ္စည်းဟောင်းများ၊ ထင်းပုံများကို ရှင်းလင်းပါ။ ကောင်းမွန်တဲ့အမှိုက်သိမ်းစနစ်ကို စုပေါင်း ဖော်ဆောင်ပါ။
ကြွက်ထောင်ချောက်များ၊ ကြွက်သတ်ဆေးများနဲ့ ကြွက်နှိမ်နင်းရေးများလုပ်ဆောင်တဲ့အခါ ဘေးကင်း လုံခြုံသော နည်းလမ်းများဖြင့်သာ သတိပြု ဆောင်ရွက်ပါ။
ကြွက်တွေခိုနိုင်တဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ပြီးပါက လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြော ပါ။ မိုးရာသီနှင့် ရေကြီးရေလျှံချိန် ဒီရေတိုးချိန်များတွင် ထိတွေ့ရသောရေများမှာလည်း ညစ်ညမ်း နေနိုင်ပြီး ရောဂါကူးစက် နိုင်ကြောင်း အထူးသတိထားပါ။ လိုအပ်ပါက ဘွတ်ဖိနပ်ရှည်ကဲ့သို့သော အကာအကွယ် ပစ္စည်းများကို ဝတ်ဆင်ပါ။
ကြွက်များသည် ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိနေသော ရောဂါဘယများသယ်ဆောင်လာနိုင်သော ကျန်းမာရေးပြဿနာများရဲ့ မူလအရင်းအမြစ်ဖြစ်တယ်ဆိုတာ သဘောပေါက်ထားပြီး သတိထား ဆင်ခြင်စေ လိုပါတယ်။
ဧရာဝတီတိုင်းမ် မီဒီယာကို အားပေးနေတဲ့ ပရိသတ်များလည်း ကြွက်အန္တရာယ်ကင်းဝေးပြီး ကျန်းမာလုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ကြပါစေ။ နောက်တစ်ပတ်မှာတော့ “သိုင်းရွိုက် ဟော်မုန်း ” အကြောင်းအရာ သိမှတ်ဖွယ်ရာများ တင်ဆက်ပေးပါမယ်။ ဘေးဘယာများမှကင်းဝေး ချမ်းသာ ကြပါစေ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကြွက် #မိတ်ဆွေလားရန်သူလား #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။