
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
ကသာမြို့မှဆက်လာထွက်ခွာလာသည့် စစ်ရေယာဉ်အုပ်စုမှာ ကချင်ပြည်နယ် ရွှေကူမြို့သို့ ရောက်ရှိလာပြီး ကြားဖြတ်တိုက်ခိုက်ခံရကြောင်း သိရသည်။
စစ်ကူ လက်နက်နှင့် ရိက္ခာများသယ်ဆောင်ကာ ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် စစ်သင်္ဘောများကို ယနေ့ ဇူလိုင် ၂၇ ရက် ညနေပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်း ကချင်သတင်းရင်း မြစ်ထံမှ သိရသည်။
“ညနေ ၅ နာရီလောက်က ငဘတ်ဝနားမှာ ကြားဖြတ်တိုက်လို့ စစ်ကြောင်းပြန်ဆုတ်သွားတယ်။ ရေကြောင်းလည်း ရပ်တန့်နေတယ်”ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဇူလိုင် ၂၆ ရက်ကလည်း ကသာမြို့တွင် ကမ်းကပ်မည့် စစ်ရေယာဉ်အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီက Y 12 ၊ ဂျက်ဖိုက်တာတို့ဖြင့် ဗုံးအလုံးရေ ၂၀ ကျော် ကြဲချ၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စစ်သင်္ဘောများမှနေ၍ လက်နက်ကြီး၊ စက်သေနတ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိုးတားလေးနှင့် မြေနုကျေးရွာများသို့ ကျရောက်ပြီး ဒေသခံများ ထိခိုက်သေဆုံးမှုများရှိကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။
ကသာမြို့နယ်အတွင်းရှိ နလယ်အင်း၊ မိုးတားလေး၊ မင်းကျောင်းကုန်း၊ လက်ပံ၊ ပေါက်ကုန်း၊ ကျောက်တစ်လုံး ဒေသများ ဗုံးကြဲချတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက ကသာမြို့နယ်မှပြန်အထွက်တွင် စစ် သင်္ဘောလေးစီးကို ချန်ထားခဲ့ပြီး ကျန်သည့်စစ် သင်္ဘောများဖြင့် ရွှေကူမြို့ကိုချီတက်လာကာ ခြေလျင်စစ်ကြောင်းများဖြင့်ပါ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။
ပုံစာ-ချင်းတွင်းမြစ်အတွင်းတွေ့ရသည့်စစ်ကောင်စီရေယာဉ်(ပုံဟောင်း)