
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက တားမြစ်လိုက်ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အတွင်းရှိ ထုံးပေါ်နှင့် ကျီးပင်ရွာများအတွင်းသို့ ဆေးဝါးနှင့် ဆန်များသယ်ယူခွင့်ကို ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့မှစ၍ စစ်ကောင်စီက တားမြစ်ပိတ်ပင်လိုက်ပြီး အချို့ကျေးရွာများကိုမူ အခြေခံစားသောက်ကုန်သယ်ယူရေးအတွက် အမျိုးအစားအလိုက် ငွေကြေးပေးမှသာ သယ်ယူခွင့် ထောက်ခံစာ ထုတ်ပေးကြောင်း ဒေသခံများထံမှ သိရသည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီမှာ ကုန်ပစ္စည်းဝယ်ဖို့ ထောက်ခံစာယူရတယ်။ ကုန်ပစ္စည်းအမျိုးအစား အပေါ်လိုက်ပြီး ထောက်ခံစာကို ငွေကျပ် သုံးထောင်ကနေ သောင်းဂဏန်းအထိ ပေးပြီးလုပ်ရတယ်။ ဝယ်လာတဲ့ကုန်တွေကို စစ်ဆေးတာတွေလည်း လုပ်တယ်” ဟု အင်္ဂပူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
အင်္ဂပူမြို့နယ်အတွင်းရှိ ပိန္နဲကွင်း၊ တောင်စင်း၊ ပဒတ်ကုန်း၊ ဂွက်ကြီးကျေးရွာများမှ စားသောက်ကုန် သယ်ယူရာတွင် ၅ ရက်စာအထိသာသယ်ယူခွင့် ပေးထားကြောင်း သိရသည်။
စစ်ကောင်စီသည် အင်္ဂပူမြို့နယ်တွင်သာမက ရေကြည်ရှိ ရေနံ့သာစစ် ဆေးရေးဂိတ်တွင်လည်း ဆန်နှင့် စက်သုံးဆီသယ်ယူခွင့်ကို အထူးတားမြစ်ပိတ်ပင်ထားပြီး ထောက်ခံစာအဆင့်ဆင့်ပါရှိမှသာ သယ်ယူခွင့် ပြုထားသည်။
လက်ရှိတွင် အင်္ဂပူနှင့် လေးမျက်နှာအစပ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက ကာကင်း ပြုလုပ်ရန်အတွက် ကျေးရွာအချို့မှ ဒေသခံများကို နှင်ထုတ်ထားကြောင်း စစ်ရှောင်များထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရေနံ့သာစစ်ဆေးရေးဂိတ်မှနေ၍ စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီများကို ရခိုင်ပြည်နယ်အတွင်းသို့ လာဘ်ငွေယူ၍ တင်သွင်းခွင့်ပေးခဲ့သည့် အနောက် တောင်တိုင်း စစ်ဌာနချုပ် (နတခ)တိုင်းစစ်ဦးစီးအပါ အဝင် အရာရှိများကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ပုံစာ-အင်္ဂပူမြို့မြို့မစျေး(ပုံဟောင်း)