ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၇ ရက်

ထိုင်းအစိုးရက ထိုင်းနိုင်ငံတွင် နေထိုင်သည့် ကမ္ဘောဒီးယားနိုင်ငံသားများကို တိုက်ခိုက်ခြင်းအား ရပ်တန့်ရန် ထိုင်းလူငယ်များကို တိုက်တွန်းလိုက်ပြီး ထိုကဲ့သို့ ပြုလုပ်သူများကိုလည်း လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေအရ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

အစိုးရ ပြောရေးဆိုခွင့်ရှိသူ အနုကူးလ် ပရတ်ဆန်နုဆပ် (Anukool Pruksanusak) က အရပ်သားများကို နိုင်ငံရေး သို့မဟုတ် စစ်ရေးတင်းမာမှုများအတွက် သားကောင်များအဖြစ် မပြုလုပ်သင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ အကြောင်းအရာ တစ်ခုခုကိုဖန်တီးပြီး စိတ်ခံစားမှုနောက်ကို မလိုက်ဘဲ ချုပ်တည်းဖို့နဲ့ ဆင်ခြင်တုံတရားနဲ့ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ ထိုင်းမှာနေထိုင်တဲ့ ကမ္ဘော ဒီးယားအရပ်သားတွေဟာ နယ်စပ်ပဋိပက္ခမှာ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး။ သူတို့ကို တိုက်ခိုက်တာဟာ အခြေခံ လူသားချင်းစာနာမှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်တာဖြစ်ပါတယ်” အနုကူးလ် ပရတ်ဆန်နုဆပ်က ပြောကြားခဲ့သည်။

ထိုင်းလူငယ်များအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသားများအား တိုက်ခိုက်သည့် ဗီဒီယိုများ ရိုက်ကူး ခြင်းသည် လူမဆန်သည့် လုပ်ရပ်ဖြစ်ပြီး ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာ နေရာများတွင် လုံခြုံရေး တိုးမြှင့်ရန် ရဲတပ်ဖွဲ့ကို ညွှန်ကြားထားသည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံသားများကို တိုက်ခိုက်သည့် မည်သည့်ထိုင်းနိုင်ငံသားကိုမဆို ဥပဒေအရ အပြည့်အဝ အရေးယူသွားမည်ဟု ကတိပြုခဲ့သည်။

အနုကူးလ်က ထိုင်းအစိုးရသည် နိုင်ငံတကာစံနှုန်းများနှင့် ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာကြောင်း ပြောကြားခဲ့ပြီးအကြမ်းဖက်မှုသည် အဖြေမဟုတ်ကြောင်းနှင့် ပြည်သူများကို တည်ငြိမ်ရန် တိုက်တွန်း ခဲ့သည်။

ကိုးကား-The Nation Thailand