
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးအဆင့်အတန်းများ တဖြည်းဖြည်းနိမ့်ကျလာရာ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူ နှစ်သိန်းနီးပါးအနက် တစ်သိန်းနီးပါး အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ လျော့ကျလာပြီး ၂၀၂၄ ခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း ၊ ၂၀၂၃ ခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း ၆၇ဒသမ ၈၇ရာခိုကင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။
ယခုနှစ်စာမေးပွဲကို တိုင်းနှင့် ပြည်နယ်များထဲမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူအများဆုံးမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့ဖြစ်ပြီး လူဦးရေ သုံးသိန်းကျော်ဝင်ရောက် ဖြေဆိုကြသည်။
ရန်ကုန်တိုင်းတွင်တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၃၇,၄၆၇ ဦးတွင် အောင်မြင်သူ ၁၉,၃၆၆ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၅၁ ဒသမ ၆၉ ရာခိုင်နှုန်း၊ မန္တလေးတွင်ဖြေဆိုသူ ၃၃,၇၉၁ ဦးတွင် အောင်မြင်သူ ၁၆,၇၆၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၉ ဒသမ ၆၂ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသတွင်း ဖြေဆိုသူ ၃၂,၂၄၁ ဦးတွင် အောင်မြင်သူ ၁၅,၁၀၇ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၈၆ ရာခိုင်နှုန်းဖြစ်ကြောင်း စစ်ကောင်စီဖော်ပြထားသည်။
စစ်မက်ဖြစ်ပွားနေသော တိုင်းနှင့်ပြည်နယ်များတွင်မူ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူဦးရေနည်းပါးခဲ့သလို အောင်မြင်သူဦးရေလည်း နည်းပါးကြောင်း သိရသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် မန္တလေး (အိုးဘို) အကျဉ်းထောင်တို့မှ ပြစ်ဒဏ်ကျအကျဉ်းသား ၁၆ ဦး ဖြေဆိုခဲ့ရာတွင် ကျဆုံးရှုံးသူမရှိဘဲ အောင်မြင်ခဲ့ကြပြီး ဂုဏ်ထူးရရှိသူ ၁၄ ဦး အထိပါဝင်ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်