ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၂၇ ရက်

တနင်္သာရီ တိုင်း ၊ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသအခြေစိုက် အမှတ် ၂၇၃ ခြေလျင်တပ်ရင်း မှ စစ်ကောင်စီတပ်သား ခုနစ် ဦး မှာ လက်နက်အပြည့်စုံဖြင့်ထွက်ပြေးသွား ကြောင်းသိရသည်။

စစ်ကောင်စီတပ်သား ခုနစ် ဦးသည် ဇူလိုင် ၂၅ ရက် နေ့လယ်ပိုင်းက ကင်းတာဝန်ကျရာမှ လက်နက် အပြည့်စုံဖြင့်ထွက်ပြေးသွား၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ တောနင်းရှာဖွေ နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များ နှင့် ဒေသခံများထံမှသိရသည်။

“ခလရ – ၂၇၃ တပ်ရင်းက စစ်ကောင်စီတပ်သား ၇ ဦး ကင်းတာဝန်ကျနေတဲ့ အချိန် ထွက်ပြေးသွား ကြတယ်။ကင်းပုန်း ဝပ်ရင်း နဲ့ထွက်ပြေးကြတာပါ။ တစ်နေ့က ထွက်ပြေးသွားတာ။ လက်နက်တွေလည်း ပါသွားကြတယ်။ လက်နက်တွေပါ ပါသွားလို့ အသည်းအသန် လိုက်ရှာနေကြတယ်”ဟု ခလရ -၂၇၃ တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ ယူနီဖောင်းအပြည့်အစုံဖြင့် စစ်ကောင်စီတပ်သား ခုနစ် ဦးကို ဇူလိုင် ၂၅ ရက် ညနေပိုင်းက ကံပေါက် ရာဘာခြံ တစ်ခြံအနီးတွင် တွေ့ရှိရကြောင်းဒေသခံ များထံမှသိရသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို ဖမ်းဆီးရမိရေးအတွက် မောရဝတီ ရေတပ် မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားသည် ယမန်နေ့ ဇူလိုင် ၂၆ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကားများဖြင့် ကံပေါက် မှ ဖက်တောင်ကျေးရွာသို့ သွားရောက်ကာ စစ်ကြောင်းထိုး တောနင်း ရှာဖွေနေကြောင်း ဒေသခံများထံမှသိရသည်။

“ဒီကနေ့မနက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖက်တောင်ရွာဖက်ကို လမ်းလျှောက်ပြီး အရင်တစ်ဖွဲ့ သွားလိုက်တယ်။ လမ်းမကြီးအနားက ရာဘာခြံ အရှေ့ရော အနောက်ရော အပြည့် နေရာယူထားတာ။ ပြီးမှ နောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ကား ၁၂ စီးလိုက်လာတယ်။ ကားအကြီး ၉ စီး နဲ့ ကားအငယ် ၃ စီးပါ။ လမ်းသွားပြည်သူတွေကိုမကြည့်ခိုင်းဘူး။ သူတို့အချင်းချင်း ပြောနေကြတယ်။ ထွက်ပြေးသွားတဲ့ကောင်တွေ အဝေးကြီးမရောက်သေးဘူး။ ဒီနားမှာပဲ ရှိနေသေးတယ်ဆိုပြီး ပြောနေကြတယ်” ဟု ကံပေါက် ခရီးသွား ပြည်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကံပေါက်ဒေသအခြေစိုက် အမှတ် (၂၇၃) ခြေလျင်တပ်ရင်းသည် မောရဝတီ ရေတပ်ဌာနချုပ်၏ ထိမ်းချုပ်ကွပ်ကဲမှုအောက်တွင်တည်ရှိသည့် စစ်တပ်ဖြစ်သည်။

ခလရ (၂၇၃) တပ်ရင်းနှင့် မောရဝတီရေတပ်ဌာနချုပ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မကြာခဏ ဆိုသလို ထွက် ပြေးမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – ကံပေါက်ဒေသအခြေစိုက် ခလရ ၂၇၃ ခြေ လျင်တပ်ရင်း။