ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၆ ရက်

ပဲခူးခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ရင်းတိုက်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၅၉၀) ရှေ့တန်းစစ်ကြောင်း စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယနေ့ ဇူလိုင် ၂၆ ရက်နေ့တွင် ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၅၉၀) ရှေ့တန်းစစ်ကြောင်း စခန်းကို ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်၊ ည ၁၁ နာရီ ၂၆ မိနစ် တွင် စတင်ခဲ့ပြီး ဇူလိုင် ၂၅ ရက် နံနက် ၆ နာရီ ၁၅ မိနစ် တွင် စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း လေး လောင်း ကို မျက်မြင်တွေ့ရှိခဲ့ပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိနိုင်ကြောင်း ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ၈၁ မမ ၁ လက်၊ ၆၀ မမ ၁ လက်၊ ၆၀ ကွန်မန်ဒို ၁ လက်၊ RPG ၁ လက်၊ MA-11 ၆ လက်၊ MA-3 ၁ လက်၊ ၈၁ မမ ဗုံးသီး ၃ လုံး၊ ၆၀ မမ ဗုံးသီး ၁၄ လုံး၊ RPG ဗုံးသီး ၂ လုံး၊ ကျည်အမျိုးစုံ ၄,၀၀၀၊ အခြားပစ္စည်းများ: ဆက်သွယ်ရေးစက် ၁ လုံး၊ ဂျန်မာစက် ၂ လုံး၊ မီးစက် ၂ လုံး၊ ခမောက် ၆ လုံး၊ ၁၈ မိုင်း ၁၀ လုံး၊ ၁၄ မိုင်း ၂၀ လုံးနှင့် အခြားစစ်အသုံးအဆောင် ပစ္စည်းများသိမ်းဆည်းရမိကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး ဗျူဟာ (၂၅) လက်အောက်ရှိ ပဲခူးခရိုင်တပ်ရင်း (၂) (P23702)၊ ရိုးမ (၂) အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း (၉) တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ကျဆုံးသွားသော ရဲဘော်အတွက် ဂုဏ်ပြုကြောင်းနှင့် ပြည်သူ့တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုထားသည်။