အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသည့် “Turun Anwar” အမည်ရှိ ဆန္ဒပြလှုပ်ရှားမှုတစ်ခုကို ယနေ့ ဇူလိုင် ၂၆ ရက် တွင်ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို မလေးရှားဝန်ကြီးချုပ်ဟောင်းနှစ်ဦးနှင့်အတူ နိုင်ငံရေးပါတီများ၊ လူ့အခွင့် အရေးလှုပ်ရှားသူများ၊ NGO အဖွဲ့များ၊ ကျောင်းသားများနှင့် ပြည်သူ သုံးသိန်းနီးပါးက ကွာလာလမ်ပူ မြို့ရှိ နေရာငါးခုတွင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများသည် လက်ရှိအစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု အားနည်းချက်များကို အဓိကထား ကန့်ကွက်ခဲ့ကြပြီး ကုန်စျေးနှုန်း မြင့်တက်ခြင်း၊ လျှပ်စစ်ဓာတ်အားခ တိုးမြင့်ခြင်း၊ လောင်စာဆီ ထောက်ပံ့ကြေး လျှော့ချခြင်း၊ အလုပ်အကိုင်အခွင့်လမ်း နည်းပါးခြင်း၊ စီးပွားရေး စီမံခန့်ခွဲမူ အားနည်းခြင်း စသည့် ကိစ္စရပ်များကို အဓိကထား၍ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း မလေးသတင်းဌာန များ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ဆန္ဒပြပွဲတွင် မလေးရှားဝန်ကြီးချုပ်ဟောင်းများဖြစ်ကြသည့် မဟာသီယာ မိုဟာမက် နှင့် မူဟစ်ဒင် ယာဆင် တို့ကလည်း မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် အနေဖြင့် လက်ရှိစီးပွားရေး ပြဿနာများကို ဖြေရှင်းရန် ပျက်ကွက်နေသည်ဟု ယူဆကြပြီး၊ ပြည်သူလူထု၏ ဒုက္ခများကို နားလည်ပြီး ရာထူးမှ နုတ်ထွက်ပေးရန် ဖိအားပေးတောင်းဆိုနေခြင်းဖြစ်သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူထမ်းဆောင်နေသူလည်း ဖြစ်သည်။

ပုံစာ-မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသည့် “Turun Anwar” ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း။