ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

ထိုင်း-ကမ္ဘောဒီးယားနယ်နိမိတ်ချင်းထိစပ်နေသော စီစကတ် (Si Sa Ket) နှင့် ဥဘွန်ရတ်ချာဌာနီ (Ubon Ratchathani) ခရိုင်များမှ မြို့နယ် ၅ ခုအပါအဝင် နယ်စပ်မှ ကီလိုမီတာ ၄၀ အထိ နယ်မြေများသည် လုံခြုံမှုမရှိကြောင်း ထိုင်းဘုရင့်တပ်မတော် က ယနေ့ ဇူလိုင် ၂၅ ရက် တွင် ပြောဆိုခဲ့သည်။

ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်နေသည့် ဒုံးကျည်များ ကျရောက်နိုင်သည့် အကွာအဝေးအတွင်း ကျရောက်နေခြင်းကြောင့် အဆိုပါမြို့နယ်များမှာ လုံခြုံမှုမရှိဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

လုံခြုံမှုမရှိသည့် မြို့နယ်များမှာ စီစကတ် (Si Sa Ket) ခရိုင်မှ ဖူးစင် (Phu Sing)၊ ခွန်ဟန် (Khun Han) နှင့် ကန်သာရာလတ် (Kantharalak) တို့ဖြစ်ပြီး ဥဘွန်ရတ်ချာဌာနီ (Ubon Ratchathani) ခရိုင်မှ နမ်ယုမ် (Nam Yuen) နှင့် နမ်ခွန် (Nam Khun) တို့ ဖြစ်ကြောင်းသိရသည်။

ကမ္ဘောဒီးယားစစ်တပ်မှ အသုံးပြုသည့် BM-21 ဒုံးကျည်ပစ်လောင်ချာများသည် ဒုံးကျည်များကို ကီလိုမီတာ ၂၀ အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး PHL-81 ၏ Type-90B အမျိုးအစားများမှာ အမြင့်ဆုံး ကီလိုမီတာ ၄၀ အထိ ပစ်ခတ်နိုင်ကြောင်း သိရသည်။

ကမ္ဘောဒီးယားဒုံးကျည်များ ကျရောက်နိုင်ခြေရှိသည့် အကွာအဝေးအတွင်းရှိ ဘူရီရမ် (Buri Ram)၊ စီစကတ် (Si Sa Ket) နှင့် ဥဘွန်ရတ်ချာဌာနီ (Ubon Ratchathani) ခရိုင်များမှ ဒေသခံ ၁၃၀,၀၀၀ ကျော် မှာ နေရာရွှေ့ပြောင်းထားပြီဖြစ်ကာ ကျန်ရှိနေသေးသူများကိုလည်း ချက်ချင်းပြောင်းရွှေ့ကြရန် ထိုင်းစစ်တပ်က သတိပေးထားကြောင်း သိရသည်။

ယနေ့ နံနက်အစောပိုင်းက နမ်ယုမ်နှင့် ကန်သာရာလတ်မြို့နယ်များအနီး နေရာသုံးနေရာ၌ တိုက်ပွဲများဖြစ်ပွားပြီးနောက် အဆိုပါသတိပေးချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ယမန်နေ့ ဇူလိုင် ၂၄ ရက်တွင် အပြန်အလှန်ပစ်ခတ်မှုများ စတင်ခဲ့ပြီး ပစ်ခတ်မှုအတွင်း ဆူရင်း၊ စီစကတ်၊ ဘူရီရမ်၊ ဥဘွန်ရတ်ချာဌာနီ ခရိုင်များမှ အရပ်သား ၁၃ ဦးနှင့် တပ်ဖွဲ့ဝင် ၁ ဦးတို့ သေဆုံးခဲ့သည် ဟု ထိုင်းသတင်းမီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား – Bangkok Post