
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သော ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခသည် ပိုမိုပြင်းထန်လာနေသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) က အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို အမေရိကန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ သောကြာနေ့၊ ဒေသစံတော်ချိန် မွန်းလွဲ ၃နာရီ (ထိုင်းစံတော်ချိန် စနေနေ့၊ ဇူလိုင် ၂၆ ရက်၊ နံနက် ၂ နာရီ) တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ တောင်းဆိုမှုအရ ခေါ်ယူခြင်းဖြစ်ပြီး ၎င်းက ထိုင်း၏ “ရည်ရွယ်ချက်ရှိရှိ စစ်ရေးထိုးစစ်ဆင်ခြင်း” ကို ပြစ်တင်ရှုတ်ချခဲ့သည်။
ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နှင့် ရုရှား အပါအဝင် နိုင်ငံတကာက နှစ်ဖက်စလုံးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်နှင့် ဆွေးနွေးမှုများမှတစ်ဆင့် ပြဿနာကို ဖြေရှင်းရန် တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်းဂျီယမ်ပုန်ဆာ (Maris Sangiampongsa) က ကမ္ဘောဒီးယားရှိ ထိုင်းနိုင်ငံသားများအတွက် ဘေးလွတ်ရာရွှေ့ပြောင်းရေး အစီအမံများ ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပြီး ဖနွမ်းပင်ရှိ ထိုင်းသံရုံးက ကမ္ဘောဒီးယားတွင် နေထိုင်သည့် ထိုင်းနိုင်ငံသားများကို အရေးပေါ်အခြေအနေမရှိပါက အမြန်ဆုံးနှင့် လုံခြုံစွာထွက်ခွာရန် အကြံပေးထားသည်။
အမေရိကန်၊ ယူကေနှင့် ရုရှား တို့ကလည်း ၎င်းတို့၏ နိုင်ငံသားများအား နယ်စပ်ဒေသသို့ ခရီးသွားလာခြင်းမှ ရှောင်ကြဉ်ရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။
လက်ရှိတွင် နယ်စပ်အခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်နေဆဲဖြစ်ပြီး နှစ်ဖက်စလုံးကို ပဋိပက္ခရပ်တန့်ရန် နှင့် ဆွေးနွေးမှုများ ချက်ချင်းစတင်ရန် နိုင်ငံတကာမှ ဆက်လက်တိုက်တွန်းလျက်ရှိသည်။