ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးကာလ( ကြားကာလ) နိုင်ငံရေးအစီအမံတစ်ခုရေးဆွဲရာတွင် သက်ဆိုင်ရာတော်လှန်ရေးအစုအဖွဲ့များပါဝင်ရန်အတွက် ညှိနှိုင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းကြောင်းသိရသည်။

ဧရာဝတီတိုင်းအတွင်းကြားကာလနိုင်ငံရေးလုပ်ငန်းစဉ်စီမံနိုင်ရန်အတွက် ဦးမန်းဂျော်နီဦးဆောင်ကာ အဖွဲ့ဝင်များအဖြစ် ဦးစည်သူအောင်၊ ဦးခင်ဝင်း၊ ဦးကျော်ဇေယျ၊ ဦးရဲကျော်သွင်၊ ဒေါ်ခင်လှဌေးတို့ ပါဝင်သည့် ညှိနှိုင်းရေးမှူးအဖွဲ့ဖွဲ့စည်းကြောင်း ယနေ့တွင် ဧရာဝတီတိုင်လွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်သည်။

ဧရာဝတီတိုင်းအတွက်ကြားကာလနိုင်ငံ ရေးအစီအမံဖော်ထုတ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်သင့်ပါဝင်ထိုက်သည့်တော်လှန်ရေးနှင့်နိုင်ငံရေးအင်အားစုများပူးပေါင်းပါဝင်နိုင်ရန်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဧရာဝတီတိုင်းအတွက် စစ်အာဏာရှင် ချုပ်ငြိမ်းပြီးအနာဂတ်တွင် အသွင်ကူးပြောင်းရေးကာလနိုင်ငံရေးအစီအမံကိုဆက်လက်ဖော်ဆောင်နိုင်ရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်သွားမည်ဟုဆိုသည်။

ဧရာဝတီတိုင်းအတွင်း ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူမြို့နယ်များတွင် AA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွါးနေသည်။