
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မှုမရှိသဖြင့် မုန်တိုင်းသတိပေးချက်ကို အဝါရောင်အဆင့် သတ်မှတ်ထားပြီး မြန်မာတစ်နိုင်ငံလုံး မိုးထစ်ချုန်း ရွာသွန်းမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်သည်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့်ဆပ်စပ်သော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်အပါအဝင် ဘင်္ဂလားဒေရှ့်နိုင်ငံကမ်းခြေတို့တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဆိုပါမုန်တိုင်း သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၂၀၅ မိုင်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေကြောင်းသိရသည်။
မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်ဦးတည်ရွေးလျားမည့်အခြေအနေမရှိဘဲ ယင်းအရှိန်ကြောင့် ယနေ့ ဇူလိုင် ၂၅ မှ ၂၈ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်၊ ကရင်နီ( ကယား) ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုး/ဇလ ထံမှ သိရသည်။
ထို့ပြင်အချို့ဒေသများတွင် နေရာဒေသအလိုက်ကွာခြားပြီး မိုးကြီးမည်ဖြစ်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်းတို့ဖြစ်ပေါ်နိုင်ကာ သတိထားရန်လိုအပ်ကြောင်းလည်း ထည့်သွင်း အသိပေးထားသည်။
မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများ ကျရောက်ပြီး လိုင်းအလွန်ကြီးမည်ဖြစ်ကာ ရေပြင်/ မြေပြင်လေ တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ် နိုင်ကြောင်းခန့်မှန်းထားသည်။ လှိုင်းအမြင့်မှာလည်း ၁၄ ပေမှ ၁၆ ပေအထိမြင့်တက်နိုင်ကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုများသော မိုးလယ်ကာလဖြစ်၍ မြစ်ရေကြီးမှုများဖြစ်ပေါ်နေကာ ရွှေကျင်မြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ ဘီလင်းမြစ်တို့တွင် စိုးရိမ်ရေမှတ် အထက်ကျော်လွန်ရောက်ရှိပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မိုး/ဇလ