မြဝတီမှာ စစ်ကောင်စီ EPC က မီးပြင်စရိတ်ဆိုပြီး တအိမ် ငွေ ၁ သောင်းကောက်သွားသော်လည်း ၁၀ ရက်ကြာအထိမီးမလာသေး

နိုင်း/ဧရာဝတီတိုင်းမ်

(မြဝတီ)၊ ဩဂုတ်လ ၃၁ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သြဂုတ်လ ၂၀ ရက်နေ့ကစ၍ တမြို့လုံးနီးပါး လျှပ်စစ်မီးပြတ်တောက်နေပြီး ယနေ့အထိ ၁၀ ရက်ကျော် ကြာမြင့်ပြီဖြစ် ကြောင်း ဒေသခံများထံကသိရသည်။

လျှပ်စစ်မီးပြတ်တောက်ပြီးနောက် သြဂုတ်လ စတုတ္ထပတ်အတွင်းက စစ်ကောင်စီလက်အောက်ခံ EPC ဌာနမှ မီးပြင်စရိတ်ဟုဆိုကာ တအိမ်လျှင် ငွေ ၁ သောင်းကျပ် လိုက်လံကောက်ခံခဲ့ကြောင်း အမှတ် ၃ ရပ်ကွက်မြို့ခံတဦးကပြောသည်။

“တခြားရပ်ကွက်တွေတော့မသိဘူး။ ကျွန်တော်တို့အမှတ် (၃)ရပ်ကွက်မှာ တစ်အိမ် ၁ သောင်း လိုက်ကောက်တယ်။ မီးလုပ်ပေးတဲ့ EPC ရုံးကလူတွေလာကောက်တာ။ မီးပျက်တာပြင်ဖို့ကုန်ကျစရိတ်ဆိုပြီးကောက်သွားတာ။ ပိုက်ဆံကောက်ပြီးလည်း ခုထိမလာသေးဘူး။ မီးပြတ်နေတာကဆယ်ရက်ကျော်ပြီ၊ မီးစက်တွေမောင်းကြတယ်၊

တချို့မီးစက်မရှိတဲ့သူတွေကြတော့လည်း ဖယောင်းတိုင်နဲ့နေကြတယ်၊ ဆီစျေးကလည်းကြီးနေတော့ အချိန်ပြည့်ကြီးလည်း မီးစက်လည်းမမောင်းနိုင်ဘူး” ဟု မြဝတီမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မြို့ခံတချို့မှာ မီးစက်များဖြင့်လည်ပတ်နေသည့် တည်းခိုခန်း၊ဟိုတယ်များတွင်သွားရောက်နေထိုင်ကြသည်ဟုလည်း မြို့ခံများကဆိုသည်။

သြဂုတ်လ ၂၀ ရက်နေ့က ကော့ကရိတ်မြို့နယ်အတွင်းက ဓာတ်အားပေးတာဝါတိုင် ၂ တိုင် ဗုံးခွဲခံရပြီးတဲ့နောက် မြဝတီမြို့၊ကော့ကရိတ်နှင့်မြို့နယ်အတွင်းရွာများတွင် လျှပ်စစ်မီးပြတ်တောက်နေကြောင်း ဒေသခံများထံက သိရသည်။

#Ayeyarwaddy_Times