ပြည်ပရောက်မြန်မာများ၏ ဝင်ငွေ ဒေါ်လာဝယ်ထားသူများ ထပ်ဆင့်ပြန်ရောင်းခွင့်မရှိဘဲ ဗဟိုဘဏ်ဆီ ၂၁ ရက်အတွင်း ပြန်သွင်းရမည်ဟု အမိန့်ထုတ်

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၃၁ ရက်

ပြည်ပနိုင်ငံအသီးသီး၌ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၏ ဝင်ငွေ အမေရိကန်ဒေါ်လာများကို ပြန်လည်ဝယ်ယူထားသူများအနေဖြင့် တဆင့်ပြန်လည်ရောင်းချခွင့်မရှိဘဲ စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်သို့ ၂၁ ရက်အတွင်း ပြန်လည်ပေးသွင်းရမည်ဟု သြဂုတ်လ ၃၀ ရက်နေ့တွင် အမိန့်ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း – AD ဘဏ်များမှတဆင့် ပြည်တွင်းသို့ လွှဲပြောင်းပေးပို့သည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့်ရရှိသော ဝင်ငွေဖြစ်စေ၊ လစာဖြစ်စေ အဆိုပါငွေများကို ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူသို့လွှဲပြောင်းခြင်း၊ ဘဏ်များသို့ ရောင်းချခြင်းများ ပြုလုပ်နိုင်သည်ဟု ှဗဟိုဘဏ်က ဆိုသည်။

အဆိုပါ နိုင်ငံခြားငွေများကို ထပ်ဆင့်ဝယ်ယူထားသည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် ကိုယ်တိုင် သုံးစွဲခြင်းနှင့် AD လိုင်စင်ရဘဏ်သို့ရောင်းချခြင်းမှလွဲ၍ အခြားသူများသို့ ထပ်ဆင့်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ၂၁ ရက်အတွင်း ဗဟိုဘဏ်သတ်မှတ်ဈေး ၁ ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းဖြင့် စစ်ကောင်စီထံ ပြန်လည်ပေးသွင်းရမည်ဟု ကြေညာချက်တွင်

ဖော်ပြထားသည်။

“အဓိကက ပြည်ပကနေ မြန်မာပြည်ထဲကို ငွေပြန်ပို့နေတဲ့ မြန်မာအလုပ်သမားတွေ၊ မြန်မာပြည်သားတွေရဲ့ ဝင်ငွေတွေ ဒေါ်လာတွေကိုဝယ်တဲ့အေးဂျင့်တွေကို ချုပ်လိုက်တာ။ အေးဂျင့်က မြန်မာပြည်ထဲမှာ ဒေါ်လာကို ကိုင်ထာပြီးတော့ မြန်မာငွေပဲ ပြန်ထုတ်ပေးတာ။ အဲတော့ အခုအမိန့်က အေးဂျင့်တွေလက်ထဲက ဒေါ်လာတွေကို လိုက်သိမ်းတာ။ အဓိကတော့

ပြင်ပမှာလည်ပတ်နေတဲ့ဒေါ်လာတွေကို ဗဟိုဘဏ်လက်ထဲ မရောက်ရောက်အောင်ကို လိုက်သိမ်းနေတာ။ အခြေအနေကတော့ ဗဟိုဘဏ်လက်ထဲမှာ ဒေါ်လာ လိုအပ်ချက်က အရမ်းများနေလို့ ဉာဏ်နီဉာဏ်နက်ပေါင်းစုံသုံးပြီး ဒေါ်လာတွေ လိုက်သိမ်းနေတာ”ဟု ထိုင်း – မြန်မာနယ်စပ်ရှိ စီးပွားရေးသတင်းထောက်တစ်ဦးက ပြောသည်။

အဆိုပါအမိန့်ကို စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက လက်မှတ်ရေးထိုးကာ အမိန့်ထုတ်ပြန်ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

#ပြည်ပ #မြန်မာ #ဒေါ်လာ #ထပ်ဆင့်ပြန်ရောင်းချ #ဗဟိုဘဏ်

#Ayeyarwaddy_Times