
သာယာဝတီနဲ့ ဒလ မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပစ်ခတ်ခံရပြီးသေဆုံးမှုတွေရှိ
နိုင်း/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၃၁ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်ရေတွင်းကုန်းကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်အေး ဩဂုတ်လ ၃၀ ရက် နေ့လည် ၁၂ နာရီဝန်း ကျင်မှာ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
ဦးကျော်အေးအား သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ထားပြီး ပစ်ခတ်ခံရပြီးနောက် ရန်ကုန်ဆေးရုံသို့ပို့ဆောင်ကုသစဥ်သေဆုံးသွားကြောင်းဒေသခံတဦးကပြောသည်။
“သူက ရေတွင်းကုန်းအုပ်စုတခုလုံးရဲ့ အုပ်ကြီးပေါ့။ နေတာက အနောက်ရေတွင်းကုန်းမှာနေတာ။ သူ့အိမ်နားမှာပစ်ခံလိုက်ရတာ။ ဒဏ်ရာများတော့ သာယာဝတီဆေးရုံကမနိုင်လို့ ရန်ကုန်ပို့တာ ရန်ကုန်ဆေးရုံမှာဆုံးသွားတယ်။ ဒီမနက် အလောင်းပြန်သယ်လာပြီ”ဟု သာယာဝတီဒေသ ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အလားတူ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ သမ္မတ ကမ်းခြေရပ်ကွက်က လဘက်ရည်ဆိုင်တခုမှာထိုင်နေတဲ့ စစ်ကောင်စီခန့်ရာအိမ်မှူး စိုးမင်းဦးအပါအဝင် လူ ၄ ဦး သြဂုတ် ၃၀ ရက်မနေ့ညနေ ၆ နာရီခွဲဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
ပစ်ခတ်မှုကြောင့် စစ်ကောင်စီသတင်းပေးဟုဆိုသူ ရာအိမ်မှူး စိုးမင်းဦး သေဆုံးခဲ့ပြီး အခြားအမျိုးသား ၃ ဦးမှာ သေနတ်ထိမှန်ဒဏ်ရာများဖြင့် စိုးရိမ်ရကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုအား ရန်ကုန်တိုင်းပြည်သူ့တပ် မဟာက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပြီး ပြီးခဲ့သည့်နှစ် မတ်လ ၂၆ ရက် အရေးအခင်းဖြစ်စဥ်တွင် ရာအိမ်မှူး စိုးမင်းဦးသည် အပြစ်မဲ့အမျိုးသမီး ၂ ဦးဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ရပ်ကွက်နေပြည်သူများကိုစစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ နှိပ်စက်မှုများပြုလုပ်နေခြင်းကြောင့်
အရေးယူဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ဖော်ပြထားသည်။
ဓာတ်ပုံ – ဒလတွင်ပစ်ခတ်ခံခဲ့ရသည့် စစ်ကောင်စီသတင်းပေးဟုဆိုသူအပါအဝင် ၄ ဦး။
#AyeyarwaddyTimes