
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ကုလသမဂ္ဂဆိုင်ရာ မလေးရှား အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး H.E Mr.Ahmed Faisal Muhamad တို့ တွေ့ဆုံကာ စစ်ကောင်စီ၏ရွေးကောက်ပွဲနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြောင်းသိရသည်။
မလေးရှားနိုင်ငံသည် လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားပြီး မလေးရှားနိုင်ငံက ဆောင်ရွက်နေသော မြန်မာ့အရေးဆိုင်ရာကြိုးပမ်းချက်များ၊ အာဆီယံ၏ မြန်မာအရေးကူညီဖြေရှင်းမှု ကြိုးစားချက်များအပါအဝင် စစ်ကောင်စီလှုပ်ရှားနေသည့် အတုအယောင်ရွေးကောက်ပွဲနှင့် အကြမ်းဖက် လုပ်ရပ်များအကြောင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီကပြုလုပ်ရန်စီစဉ်ထားသော ရွေးကောက်ပွဲသည် တစ်ဖက်သတ်လုပ်ဆောင်မှုဖြစ်ပြီး ယခုရွေးကောက်ပွဲမှ ဒီမိုကရေစီရရှိရန် နည်းလမ်းကောင်းမဖြစ်နိုင်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က ပြောကြားထားသည်။
မြန်မာအရေးအပေါ်မှာ အလေးထားလေ့ရှိသည့် မလေးရှားနိုင်ငံသည် အားလုံးပါဝင်ရမည့် အခင်း အကျင်းလိုအပ်ကြောင်းနှင့် စစ်ကောင်စီက အာဆီယံဘုံသဘောတူငါးချက်ကို လိုက်နာရန်အမြဲတမ်း ထုတ်ဖော်ကြားလေ့ရှိသည်။
စစ်ကောင်စီသည် လာမည့်ဒီဇင်ဘာတွင် တစ်ဖက်သတ်ရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်နေပြီး အဆိုပါ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အနောက်နိုင်ငံများက ပြင်းထန်စွာ ကန့်ကွက်သည်ဆိုသော အသံထွက်ပေါ်လာခြင်းမရှိသေးပေ။
ဓာတ်ပုံ – CRPH