
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ တိုက်ပွဲများအတွင်း ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံသား အရပ်သား ၁၁ ဦးနှင့် တပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
နောက်ဆုံးရရှိထားသည့် စာရင်းများအရ ကမ္ဘောဒီးယားနှင့် ထိစပ်နေသည့် ပြည်နယ်လေးခုတွင် ထိုင်းနိုင်ငံသား ၁၂ ဦးအထိ သေဆုံးခဲ့ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပြီး အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကိုလည်း ရှုတ်ချပြောဆိုခဲ့သည်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး Somsak Thepsutin က အရပ်သားများနှင့် ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ ဂျီနီဗာသဘောတူညီချက် (Geneva Convention) ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ပစ်ခတ်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည့် ကမ္ဘောဒီးယားတပ်မှူးများသည်လည်း စစ်ရာဇဝတ်သားများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သေဆုံးသူများတွင် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ပြီး သေဆုံးသူအများစုမှာ စီဆာကတ်ခရိုင်ရှိ PTT ဓာတ်ဆီဆိုင် ဒုံးကျည်ထိမှန်မှုကြောင့် ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံ ပစ်ခတ်မှုအတွင်း ထိုင်းနိုင်ငံဘက်မှ F-16 တိုက်လေယာဉ်များ အသုံးပြုကာ ကမ္ဘောဒီးယား စစ်စခန်းနှစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ကမ္ဘောဒီးယားဘက်မှလည်း ထိုင်းနိုင်ငံအတွင်းသို့ BM-21 ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ကိုးကား – The Nation Thailand