ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (မန္တလေး-PDF) နှင့် မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်ထားသော မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ DSA စစ်တက္ကသိုလ်အပတ်စဉ် (၅၄) ဆင်းဖြစ်သူ ဖြိုးကျော် (ဒု-ဗျူဟာမှူးဟု ယူဆရသူ) အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ် ဦး၏ ရုပ်အလောင်းများကို သိမ်းဆည်းရမိခဲ့ကြောင်း MDY-PDF က ယနေ့ ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၄ ရက်နေ့အတွင်း မန္တလေး PDF နှင့် မဟာမိတ်တပ်ဖွဲ့များ၊ စစ်ကောင်စီတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများနှင့် နယ်မြေရှင်းလင်းမှုများမှ လက်နက်ခဲယမ်း အချို့ကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့ရှိ ထန်းပင်ကုန်းကျေးရွာ (မတ္တရာ)၊ သရက်ကိုင်း ကျေးရွာနှင့် မြကန်သာကျေးရွာ (ပုသိမ်ကြီး) တို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ဇူလိုင် ၂၀ ရက်နေ့မှ ဇူလိုင် ၂၃ ရက်နေ့အထိ လေးရက်တာကာလအတွင်း ဂျက်ဖိုက်တာ၊ Y-12 နှင့် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပြီး စုစုပေါင်း ၁၇ ကြိမ် အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထူးခြားဖြစ်စဉ်အနေဖြင့် လောက်ကိုင်တွင် လက်နက်ချခဲ့သော လောက်ကိုင်ဒကစ လက်အောက်ခံ ခလရ (၂၃၉) တပ်ရင်းသည် စစ်ကောင်စီ၏ ပုသိမ်ကြီးမြို့နယ်အတွင်း တန်ပြန်ထိုးစစ်တွင် ပါဝင် လာခဲ့ကြောင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် အမှတ်တံဆိပ်များအရ သိရှိရသည် ဟု မန္တလေး PDF က ဆိုထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များသည် မည်သို့သော အခက်အခဲများနှင့် ဖိအားများရှိနေစေကာမူ ၎င်းတို့၏ ပန်းတိုင်ဆီသို့ မမှိတ်မသုန် ဆက်လက် ချီတက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။

ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)