ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၂၄ ရက်

တနင်္သာရီ တိုင်း ၊ရေဖြူမြို့နယ် ၊ကလိန်အောင်မြို့ ၊ ခလရ – ၂၈၂ တပ်ရင်းဧရိယာ ဓါတ်ငွေ့ပိုက်လိုင်း အနီးတွင် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သော အမည်မသိအမျိုးသား အလောင်းတစ်လောင်းကို ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့ကတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်း (KNU) တပ်မဟာ (၄) ထံမှသိရသည်။

ယင်းအမျိုးသားအလောင်းအားတွေ့ရှိခဲ့သည့် နေရာသည် စစ်ကောင်စီ ခလရ -၂၈၂ တပ်ရင်း နောက်တန်းဌာနချုပ် နှင့် ကီလိုမီတာ ၂၀၀၀ ခန့်အကွာတွင်ရှိပြီး စစ်ကောင်စီတပ်က လုံခြုံရေးယူ ထားသည့် နေရာဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်များသည် အဆိုပါ အလောင်းအား မတွေ့ရှိခင် လွန်ခဲ့သော နှစ်ရက်ခန့်က ၎င်း နေရာ နှင့် မီတာ ၅၀၀ ခန့်အကွာတွင် အခြေပြုလှုပ်ရှားနေသည်ကို သိရှိရကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။

“အဲဒီအမျိုးသားက ဘယ်သူမှန်း ကျွန်တော်တို့ မသိဘူးနော်။ ဖြစ်တာကတော့ အဲဒီ စကစ ခလရ – ၂၈၂ တပ်ရင်း နဲ့ ကီလို မီတာ ၂၀၀၀ ပေါ့နော်။ အဲဒီဖြစ်ပျက် မှု မတိုင်ခင် မှာ စကစ စစ်ကြောင်း က အဲဒီနား မှာ ရှိတာပေါ့နော်။ ကိုက် ၅၀၀ အကွာလောက်မှာ သူတို့ခြေချတာပေါ့နော်။ ပြီးတော့မသင်္ကာသည့် ရွာသားတစ်ဦးကို စစ်ဆေးပြီး ဖမ်းဆီးတယ်။ အလောင်းတွေ့တယ်။ သေဆုံးတဲ့ အမျိုးသားက အသက် ၂၀ နဲ့ ၃၀ ကြားရှိတယ်” ဟု KNU တပ်မဟာ (၄) မြိတ်ထားဝယ်ခရိုင် အတွင်းရေး မှူး ပဒိုစောအယ်နားက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးသူ အမျိုးသားအား နာမည် နှင့် နေရပ်လိပ်စာများကို ဒေသခံများ နှင့် ရပ်မိရပ်ဖများက ဆက်လက် စုံစမ်းလျက်ရှိပြီး ဒေသခံများအနေဖြင့် စစ်ရေးတင်းမာမှုဖြစ်ပွားသော အရပ်တွင် အထူး အသိကပ်၊ သတိချပ်ကာ ပြုမူ နေထိုင် သွားလာကြရန် KNU တပ်မဟာ (၄) က အသိပေးထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ထိုင်း – မြန်မာ နယ်စပ် နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် KNU /KNLA တော်လှန်ရေး ပူးပေါင်းတပ်များသည် နှစ်ဖက်စစ်ရေးတင်းမာလျက် ရှိကြောင်းသိရသည်။