
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် သောင်းရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲကျော်လွန် ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၃ ပေ ထပ်မံမြင့်တက်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
သောင်းရင်းမြစ်ရေသည် ယမန်နေ့မှစတင်ကာ မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ရပ်ကွက်အချို့တွင် ရေစဝင်ရောက်မှုရှိနေပြီး ယနေ့နံနက်ပိုင်းတွင် ရေဆက်လက်တိုးဝင်နေဆဲဖြစ်ကြောင်း မြဝတီဒေသခံများထံမှ သိရသည်။
မြဝတီမြို့၊ အမှတ် (၂) စိန်ရတနာလမ်းပတ်ဝန်းကျင်ရှိ အစ္စလာမ်ဘာသာရေးကျောင်း၊ စာသင်ကျောင်းများနှင့် လူနေအိမ်များ၏ မြေညီထပ် (အောက်ထပ်) များ ရေနစ်မြုပ်တော့မည်ဖြစ်၍ ရွှေ့ပြောင်းနေထိုင်သူများရှိနေကြောင်း မြဝတီဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
စစ်ကောင်စီက သောင်းရင်းမြစ်ရေမြင့်တက်မည်အကြောင်း ဇူလိုင် ၂၂ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ကျော်အထိ တဖြည်းဖြည်းမြင့်တက်လာကြောင်း သိရသည်။
ထိုင်းအစိုးရသည် မဲဆောက်မြို့နေထိုင်သူများကို မယ်ဆိုင်မြစ်ရေကြီးရေလျှံမှုအခြေအနေနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းထဲ သတိပေးစာများ ပေးပို့ကာ ကုန်းမြင့်ဒေသသို့ ရွေ့ပြောင်းနေထိုင်ရန်နှင့် ထိုင်းအစိုးရသတင်းများ လိုက်နာရန် တောင်းဆိုစာများ ပေးပို့ကြောင်း မဲဆောက်မြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးထံမှ သိရသည်။
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံက သောင်းရင်းမြစ်အတွင်း ကျောက်စရစ်နှင့် သဲထုတ်လုပ်မှုများနေပြီး ထိုင်းနိုင်ငံဘက်က ထုတ်ယူမှုပိုများနေကြောင်း သိရသည်။ ထို့ကြောင့် ကမ်းပြိုခြင်း၊ ရေတိုက်စားခြင်းတို့ ဖြစ်နိုင်ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
လက်ရှိတွင် မြန်မာနှင့်ထိုင်းနယ်စပ်ရှိ မယ်ဆိုင်မြစ်ရေကြီးမှုကြောင့် မယ်ဆိုင်နယ်စပ်၊ တာချီလိတ်မြို့တွင် ရေကြီးရေလျှံနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တွင် သောင်းရင်းမြစ်နှင့် မယ်ဆိုင်မြစ်ရေ မြင့်တက်မှုကြောင့် မြဝတီမြို့နှင့် တာချီလိတ်မြို့တို့ ရေဖုံးလွှမ်းခဲ့ပြီး လူသေဆုံးမှုများပင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မြဝတီဒေသခံများ