ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ငွေကြေးပေး၍ လောင်းကစားဝိုင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အင်္ဂပူမြို့နယ်၊ ကျွဲသောင်အုပ်စု၊ ကျွဲသောင်ကျေးရွာတွင် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဖဲဝိုင်း၊ ကြက်ဝိုင်းအပြင် အခြားသောလောင်းကစားများကိုပါ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“အဆင့်ဆင့် ငွေပေးပြီးလုပ်နေကြတာ။ ခုရက်က ဂျင်ဝိုင်းများပါတယ်။ နွေကတော့ ကြက်ဝိုင်းတွေပါလုပ်ပါတယ်။ ခြောက်ကောင်ဝိုင်းပါတယ်၊ ဖဲဝိုင်းပါတယ်။ ဝိုင်းစုံပါတယ်ပြောရမယ်။ ဒါတွေလုပ်နေတာကြောင့် ခိုးဆိုးလုနှိုက်တွေလဲ ပေါလာတယ်” ဟု အင်္ဂပူမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကို အဓိကပါဝင်လုပ်ဆောင်သူများမှာ ဒေသခံ လောင်းကစားဒိုင်လက်ခံသူများဖြစ်ကြသည့် ဦးမောင်ပု၊ ဦးတာတီး၊ ဦးစိန်ဝင်း၊ ဦးအောင်နိုင်ထွန်း၊ ဦးရဲဝင်း၊ ဦးသန်းဇော် တို့ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စတင်လုပ်ကိုင်နေသည် ဟု ဒေသခံများက ပြောဆိုသည်။

လောင်းကစားဝိုင်းများသည် စစ်ကောင်စီခန့် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျွဲသောင်အုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူး တို့ကို ငွေကြေးပေး၍ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ လောင်းကစားဝိုင်းများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် ဒေသတွင်း ဒုစရိုက်မှုများ ပေါလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိပြီး ဒေသအာဏာပိုင်များကို တိုင်ကြားထားသော်လည်း ထိရောက်စွာ အရေးယူခြင်း မရှိသေးကြောင်း ပြောဆိုသည်။