ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

မြန်မာစီးပွားရေးဘဏ်များတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်ထုတ်ယူသူများ UID ( Unique ID) ကတ် ရရှိရန် ဇူလိုင် ၂၃ ရက်မှစတင်ကာ ပင်စင်ထုတ်ပေးသည့်ရက်အတွင်း နေ့ချင်းပြီး ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လ၀က)က ထုတ်ပြန်သည်။

ပင်စင်လစာထုတ်ယူရာတွင် လူပုဂ္ဂိုလ်သတင်းအချက်အလက် မှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေး ဘဏ်မှ e – Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှထုတ်ပေးသည့် UID ရရှိရန်လိုအပ်ကြောင်း သိရသည်။

လက်ရှိတွင် သက်ဆိုင်ရာမြို့နယ်များရှိ လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးရုံးများ၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများက UID ပြုလုပ်မှုများလာသဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ကွင်းဆင်း ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းသိရသည်။

” အဖွားမှာက UID ရှိတယ်။ ပင်စင်ထုတ်ရတဲ့ smart card လည်းရှိတယ်ဆိုတော့ ဘာမှအခက်အခဲ မရှိဘူးပေါ့။ UID လုပ်ထားတာနှစ်နှစ်လောက်ရှိပြီ။ အရင်က ပင်စင်ထုတ်ရင် စမတ်ကတ် အစိမ်းရောင် ကတ်လေးနဲ့ မှတ်ပုံတင်ပေးရတယ်။ အခု UID နဲ့ပေးလိုက်ရင်ရတယ်” ဟု ရန်ကုန်မြို့နေထိုင်သူ အသက် ၇၉ နှစ်အရွယ် ပင်စင်စား အဖွားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခုရက်ပိုင်းအတွင်း ဒဿနိကစာပေများအပါအဝင် ဗုဒ္ဓဘာသာစာပေများရေသားသူ စာရေးဆရာ နန္ဒာသိန်းဇံ၏ ဇနီးဖြစ်သူ ပင်စင်စားအဖွားက ပင်စင်ငွေထုတ်ရာတွင် UID ပါရမည့်အတွက် UID ပြုလုပ်ရာတွင် အခက်အခဲဖြစ်နေကြောင်း Facebook လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။

” ကျွန်မ မှတ်ပုံတင်ပြင်မရတော့ ပင်စင်ထုတ်ဖို့အခက်အခဲဖြစ်နေပါတယ်။ ပင်စင်က စမတ်ကတ် ( UID)နဲ့မှပေးမယ်ကြားထားလို့ပါ။ ကျွန်မက ၁၉၈၉ ငယ်စာရင်းကို ဗိုလ်တထောင်မှာလုပ်ထားတော့ အဲ့စာရင်းနဲ့ပြန်ကြည့်ပေးရင် ရမလားလို့ ကျွန်မမေတ္တာရပ်ခံပါတယ်။ ဒဂုံအရှေ့ကိုခရီးထွက်ရတာ ကျွန်မအသက်အရွယ်အရ ပင်ပန်းလို့ပါ။ အသက်အရွယ်အရဘတ်စ်ကားမစီးနိုင်တော့ အသွားအပြန် အငှားကားငှားရပါတယ်ရှင့်။ ခရီးပန်းအအေးမိကျွန်မအခုဖျားနေပါပြီ။ ကျွန်မအခက်အခဲလေးပြေလည်ဖို့ မျှော်လင့်နေမိပါတယ် ” ဟု နန္ဒာသိန်းဇံ ဇနီးဒေါ်ခင်မာမာက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ပင်စင်ထုတ်သူများလိုအပ်သည့် UID ရရှိရေး အခက်အခဲများကို ထိုသို့ရေးသားပြီး ၃ ရက်အကြာ ဇူလိုင် ၂၁ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အိမ်တိုင်ရာရောက် UID ( smart card ) ပေးသွားကြောင်း ၎င်းက ဆက်လက်ရေးသားထားသည်။

ဒဿနိကဗေဒ ပါမောက္ခ ထင်ရှားသောစာရေးဆရာ နန္ဒာသိန်းဇံ ( မောင်သိန်းဇံ) သည် ၂၀၁၁ ခုနှစ် ဩဂုတ်လတွင်အဆုတ် ရောဂါဖြင့်ကွယ်လွန်သွားကာ သား၊သမီးမထွန်းကားဘဲ ဇနီးဖြစ်သူတစ်ဦးသာ ကျန်ရစ်ကြောင်းသိရသည်။

ဓာတ်ပုံ – ဒေါ်ခင်မာမာ