
(တီးတိန်)၊ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နှင့် ချင်းပြည်နယ်ကို ဆက်သွယ်ထားသည့် ကလေး-သိုင်းငင်း ကားလမ်းကို စစ်ကောင်စီတပ်မှ ဆက်လက်ပိတ်ထားသည့်အတွက် တီးတိန်မြို့နယ် အခြေခံစားသောက်ကုန်များ စျေးမြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ချင်းပြည်နယ်သို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာသည့်အတွက် ကလေး သိုင်းငင်း ကားလမ်းကို CDM CDF Siyin မှ ပိတ်ထားရာမှ ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း စစ်ကောင်စီမှ ဆက်လက်ပိတ်ထားကြောင်း သိရသည်။
“ကလေး-သိုင်းငင်း ကားလမ်းကို CDF ဘက်ကတော့ ပြန်ဖွင့်ပေးလို့ သွားလို့ရပြီ။ ဒါပေမယ့် ကလေးမြို့ခြေရင်းမှာရှိတဲ့ စစ်တပ်ဂိတ်က ချင်းတောင်တက်ဖို့ မဖွင့်ပေးသေးဘူး။ ပိတ်ထားတဲ့သဘောပါ။ကျန်တဲ့ကားလမ်းတွေကို ပိတ်ထားတာမရှိပေမယ့် မိုးရာသီမှာ လမ်းတွေ မကောင်းဘူး” ဟု တီးတိန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလေးမြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်မှ ကလေး-သိုင်းငင်း ကားလမ်းကို ဆက်လက်ပိတ်ထားသည့်အတွက် တီးတိန်မြို့နယ်တွင် ကုန်ကားအဝင်နည်းပါးပြီး ကုန်စည်များပြတ်လပ်ကာ ကုန်စျေးနှုန်းမြင့်တက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“ကလေး-သိုင်းငင်း ကားလမ်းကို ပိတ်ထားလို့ တခြားလမ်းကြောင်းတွေကနေ သွားရတယ်။ တခြားလမ်းတွေက အရမ်းဆိုးတယ်။ တစ် ရက်နဲ့ ရောက်ရမယ့် ခရီးကို နှစ်ရက်၊ သုံးရက်လောက်ကြာတယ်။ ကားသမားတွေလည်း မသွားချင်ကြဘူးလေ။ ဆိုင်ကယ်နဲ့သယ်ယူတဲ့သူတွေနည်းပါးရှိတယ်။ မြို့ထဲလည်း အခုတလော စားသောက်ကုန်တွေ ပြတ်လိုက်၊ ကုန်စျေးနှုန်းတွေ တက်လာလိုက်ဖြစ်နေတယ် “ဟု တီးတိန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ တီးတိန်မြို့တွင် ရိုးရိုးဆန် တစ်အိတ်လျှင် ၁၅၀,၀၀၀ ကျပ်မှ ၁၈၀,၀၀၀ ကျပ်ထိရှိပြီး ကြက်ဥတစ်လုံးလျှင် ၉၀၀ ကျပ်မှ ၁,၀၀၀ ကျပ်အထိရှိကြောင်း သိရသည်။
တီးတိန်မြို့သည် အခြေခံစားသောက်နှင့် ကုန်စည်တို့ကို ကလေး-သိုင်းငင်း ကားလမ်းကို အသုံးပြုပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အဓိက ဝယ်ယူတင်သွင်းနေရခြင်းဖြစ်သည်။
ပုံစာ-တီးတိန်မြို့တွင်းတစ်နေရာကို တွေ့ရစဥ်(ပုံဟောင်း)