ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်

ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နယ်၊ သဘောသပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ဇူလိုင်လ ၁၈ ရက်နေ့က အမည်မသိအမျိုးသားမှ ဓါးနှင့်ထိုးခဲ့သည့်အတွက်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

​သ​ဘောသပြုကျေးရွာအုပ်စုတွင် ယာယီ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်ထားသည့် ရှဲသ ဆိုသူကို သာအေးဒေါင့်ကျေးရွာရှိနေအိမ်တွင်ရှိနေစဥ် ဓါးနှင့်ထိုးခံခဲ့ရခြင်းဖြစ်ပြီး ၄င်း၏ သားဖြစ်သူပါဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

“သူက ရာအိမ်မှူး ကနေ အုပ်ချုပ်ရေးမှူးမခန့်ရသေးလို့ ယာယီ လုပ်နေတာ။ အဓိကပြဿနာက တော့ စစ်မှုထမ်းငွေကောက်လို့ ​မပေးနိုင်ရင် စစ်ထဲထည့်တဲ့ပြသနာတွေပဲဖြစ်မယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီလက သဘောသပြုအုပ်ချုပ်ရေးမှုးဖြစ်သူ ဦးခိုလာတူး ဆိုသူသည် စစ်မှုထမ်းအစားထိုးရန်အတွက် ကျေးရွာများမှငွေကောက်ခံ​ပြီး အလွဲသုံးစားလုပ်ကာ လူရှာမပေးသောကြောင့် မြို့နယ်စစ်ကောင်စီက တာ၀န်မှရပ်နားထားပြီး ရာအိမ်မှူး ရှဲသ ကိုယာယီအုပ်ချုပ်ရေးမှူးအဖြစ်တာ၀န်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့်ရဲများမှ ဒေသခံအချို့ကို ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရှိရပြီး လက်ရှိအချိန်ထိ တရားခံကိုဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

ဧရာဝတီတိုင်းအတွင်းတွင် အုပ်ချုပ်ရေးမှူးများ သည် စစ်မှုထမ်းအကြောင်းပြ ငွေတောင်းခံခြင်းနှင့် အနိုင်ကျင့်မှုများကြောင့် မကြာခဏ အသတ်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွါးခဲ့သည်။