ကန်ကြီးထောင့်မြို့က စစ်ကောင်စီခန့်ရာအိမ်မှူးမောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ပေါ် ဗုံးပေါက်ကွဲလို့ အပြင်းအထန် ဒဏ်ရာရ

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၃၀ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့မှာ ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီခန့်ရာအိမ်မှူးမောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ပေါ် ဗုံးပေါက်ကွဲလို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီခန့် ရာအိမ်မှူး အက်ချလားဆိုသူမှာ ကံကုန်း – မြောင်းမြလမ်းမပေါ်ရှိ ညောင်ချောင်းကျေးရွာတံတားအနီးမှာ ၎င်းကိုယ်တိုင်မောင်းနှင်လာတဲ့ သုံးဘီးဆိုင်ကယ်ပေါ်မှ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

” သူက ရာအိမ်မှူး အက်ချလားဆိုတာလေ။ သုံးဘီးမောင်းလာရင်း သုံးဘီးအပေါ်က အထုပ်တစ်ခုက ထပေါက်တာ။ ခုဆေးရုံရောက်နေတယ်။ ဒဏ်ရာတော်တော်ပြင်းတယ်။ အခြေအ​နေသိပ်မကောင်းဘူး။ သုံးဘီးလည်း ရစရာမရှိအောင်စုတ်ပြတ်သွားတယ်” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒီဖြစ်စဥ်အပေါ် ဒေသခံတော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်ထားတာမရှိသေးသလို ဖြစ်စဥ်အပြီးမှာလည်း စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး အခင်းဖြစ်ပွားရာအနီးတဝိုက်မှာ ရှာဖွေစစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

#ကန်ကြီးထောင့် #စစ်ကောင်စီ #ရာအိမ်မှူး #သုံးဘီးဆိုင်ကယ် #ဗုံးပေါက်ကွဲ

#Ayeyarwaddy_Times​