
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် ၊ မြင်းကကွင်းနယ်မြေ ရဲစခန်းတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က ခိုးမှုမသင်္ကာဖြင့်ဖမ်းဆီးထားသောအမျိုးသားတစ်ဦးကို ရိုက်နှက်စစ်ဆေးရာမှ သေဆုံးသွားကြောင်းသိရှိရသည်။
မြင်းကကွင်းကျေးရွာတွင် နေထိုင်သော အသက် ၃၅ နှစ်အရွယ် ကိုဇော်မျိုး ကို နွားခိုးမှုတွင်ပါ၀င်သည်ဟု စွပ်စွဲကာ ဇူလိုင် ၁၃ ရက်နေ့ညနေတွင် ရဲများကလာရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးရာ လက်လွန်သေဆုံးခဲ့ပြီးနောက် သေဆုံးမှုအားကျေအေးရန် ငွေကြေးနှင့်ညှိနှိုင်းနေကြောင်း ဒေသခံများထံက သိရသည်။
“စခန်းမှူးက မိသားစု ကို နစ်နာကြေးသိန်း ၃၀ကျော်ယူဖို့လာညှိတယ်။ ရဲတွေကအရက်မှူးပြီး ရိုက်ရင်းလက်လွန်သွားတာလို့သိရတယ်၊ နွားခိုးတဲ့တရားခံအစစ်လဲမမိဘူး “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ရဲတပ်ဖွဲ့၀င်များ ရိုက်နှက်သတ်ဖြတ်ခံရသည့် ကိုဇော်မျိုးဆိုသူသည် လက်လုပ်လက်စားတစ်ဦးဖြစ်ပြီး ခိုးမှုနှင့်မသက်ဆိုင်ကြောင်း ကျေးရွာဒေသခံများကပြောသည်။
ဧရာ၀တီတိုင်းတွင် ရဲများသည် အမှုတစ်ခုဖြစ်ပွားပါက မသက်ဆိုင်သူများကိုပါဖမ်းဆီး ကာ နှိပ်စက်စစ်ဆေးခြင်းများပြုလုပ်လေ့ရှိပြီး ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုများက ငွေဖြင့်ရွေးယူရသည့်ဖြစ်စဉ်များလည်း ရှိနေသည်။