ဧရာဝတီတိုင်းမ်
(မဲဆောက်)၊ ဇူလိုင် ၁၇ ရက်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာကလေးငယ်များ ပညာသင်ကြားနိုင်ရန်ဖွင့်လှစ်ထားသည့် သွေးသစ်ကျောင်းတွင် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့သည့် ကျောင်းဆရာတစ်ဦးကို ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီဖြစ်ကြောင်း သိရသည်။

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကျူးလွန်ခဲ့သည့် ကျောင်းဆရာမှာ အသက် ၇၀ ကျော်အရွယ် ဦးဇော်ငြိမ်းလတ်ဆိုသူဖြစ်ပြီး လက်ရှိတွင်စုံစမ်းမေးမြန်းမှုများအရ ကလေးငယ် ရှစ် ဦးခန့်အထိ ထုတ်ဖော်ပြောကြားလာမှုများ ရှိခဲ့ပြီး အများစုမှာ သွေးသစ် ကျောင်း၏အုပ်ချုပ်မှုလက်အောက်တွင် ရှိနေဆဲကလေးများဖြစ်ကြောင်း သိရသည်။

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကျူးလွန်ခြင်းခံခဲ့ရသည့် ကလေးငယ်အများစုမှာ စစ်ဖြစ်ပွားရာဒေသများမှတဆင့် မဲဆောက်တွင် လာရောက်ပညာသင်ကြားသည့် ကလေးများဖြစ်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် ကလေးငယ် နှစ်ဦးသာ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်ခဲ့ကြောင်း အကူညီပေးနေသူများထံက သိရသည်။

“စစ်ဘေးကြောင့်ရောက်လာတဲ့ကလေးတွေရဲ့ ဘဝတွေကိုဖျက်ဆီးနေတဲ့မဒိန်းကောင်တွေ ထပ်ပြီးမလုပ်ရဲအောင် အခုကိစ္စမှာ တရားခံကို ရအောင်ဖမ်းဆီးပြီး အရေးယူဖို့ ကြိုးစားရပါမယ်ဗျ” ဟု ယခုဖြစ်စဉ်တွင် အကူညီပေးလုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် သပိတ်တက်ကြွလှုပ်ရှားသူ နေရှိုင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“သွေးသစ်” ‌အထက်‌တန်းကျောင်းအနေနှင့်မူ ကျောင်းဆရာ ဦးဇော်ငြိမ်းလတ် ကို ပြီးခဲ့သည့် ဇူလိုင် ၆ ရက်မှစတင်ကာ ကျောင်းမှထုတ်ပယ်ခဲ့ပြီးဖြစ်သည့်အတွက် ကျောင်းနှင့်သက်ဆိုင်ခြင်းမရှိတော့ပဲ ၎င်း၏ လိင်အမြတ်ထုတ်မှုဖြစ်စဉ်ကို ကျူးလွန်သူနှင့်သာ တိုက်ရိုက်ဆက်သွယ်ရန် ထုတ်ပြန်ပြောဆိုခဲ့သည်။

အဆိုပါ ကျောင်းဆရာ၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကျူးလွန်ခံခဲ့ရသည့် ကလေးများမှာ အသက် ၁၃ နှစ်မှ ၁၅ နှစ်အရွယ် ရှိသူများဖြစ်ပြီး ကျူးလွန်မှုဖြစ်စဉ်များမှာ ၎င်းကို သွေးသစ် ကျောင်းမှ မထုတ်ပယ်မီအချိန်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြစ်စဉ်များမှာ သွေးသစ် အထက်တန်းကျောင်းတွင် အခြေပြုပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခံရသူ ကလေးငယ်များမှာလည်း ကျောင်းအုပ်ချုပ်မှုအောက်တွင်သာ ရှိနေသည့်အတွက် ကျောင်းတာဝန်ရှိသူများက စုံစမ်းမှုတွင် ပူးပေါင်းပါဝင်ရန်လည်း အကူညီပေးရေးဆောင်ရွက်နေသူများမှ တိုက်တွန်းပြောဆိုထားကြသည်။

လက်ရှိတွင် ‌သွေးသစ် ကျောင်း၌ ဆရာ၊ဆရာမ ၃၅ဦးထက်မနည်းရှိပြီး ကျောင်းသား၊ ကျောင်းသူ ၈၅၀ ဦးဝန်းကျင် တက်ရောက်ပညာသင်ကြားနေကာ အများစုမှာ စစ်ဘေးရှောင်ကလေးငယ်များ ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – Nay Shine