(ဟားခါး)၊ ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ၁၆ လမ်းဆုံရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု တိုက်ခိုက်ခံရပြီး ကားလမ်းအချို့ ပိတ်ထား၍ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဟားခါးမြို့၊ ၁၆ လမ်းဆုံရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို CDF-Hakha မှ တိုက်ခိုက်ခဲ့သည်။

“ပစ်ခတ်မှုဖြစ်တာက နာရီဝက်လောက် ကြာမယ်ထင်တယ်။ အရပ်သားတွေက ထိခိုက်မူမရှိဘူး။ စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမူ ရှိနိုင်တယ်။ အသေးစိတ်တော့ မသိရဘူး”ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့မနက်မှစ၍ ၁၆ လမ်းဆုံ ကားလမ်းပိတ်ဆို့ထားပြီး မြို့တွင်း လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမူများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

“မနေ့ကမနက်ကစပြီး ၁၆ လမ်းဆုံလမ်းကို အတားဆီးထားပြီး ပိတ်ထားလိုက်ပါပြီ။ မြို့ထဲတချို့နေရာမှာလည်း ဆိုင်ကယ် စစ်ဆေးတာ၊ ဖုန်းစစ်တာတွေ ဆောင်ရွက်ကြတယ်။ ပြီးတော့ လုံခြုံရေးဂိတ်တွေမှာ အင်အားတွေ တိုးမြှင့်ထားတာတွေလည်း တွေ့ရတယ်။”ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၁၆ လမ်းဆုံ တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး CDF-Hakha ဘက်မှ မည်သည့်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

ကလေး-ဖလမ်း-မှန်တော်- ဟားခါးမြို့နယ်ရှိ ကျေးရွာများကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင်ရှိသည့် ၁၆ လမ်းဆုံသည် အရပ်သားများကို အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်ခြင်း၊ ဖြတ်သန်းခွင့် မပေးခြင်းတို့ ပြုလုပ်နေကြောင်း သိရှိရသည်။

“အဲလမ်းက ပြည်သူတွေ အများဆုံး အသုံးပြုတဲ့လမ်းပါ။ အဲလမ်းစစ်ဆေးရေးဂိတ်က စကစတွေက မြို့ထဲက စျေးလာဝယ်သူတွေဆီက စားစရာတွေ လုယူတာ။ တောင်ယာအခင်းက ပြန်လာသူတွေဆီက ဟင်းသီး၊ ဟင်းရွက်တွေ လုယူတယ်။ ခရီးသွားတဲ့သူဆီက ငွေညှစ်တယ်။ တခါတလေ ဆေးရုံဆေးခန်းတက်တဲ့လူနာတွေဆို ဖြတ်သန်းခွင့်မပေးတာ၊ ဂိတ်မှာစောင့်ဆိုင်းခိုင်းတာတွေ လုပ်တယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့တွင် ပစ်ခတ်မူဖြစ်ပွားခဲ့ခြင်း မရှိသည်မှာ လအတော်ကြာမြင့်ပြီးဆိုသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ နှင့် ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha ထံ အလင်းဝင်ရောက်လာခဲ့ပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် စစ်ကောင်စီ ပြည်သူစစ်တစ်ဦး အရှင်ဖမ်းဆီးရမိကြောင်း CDF-Hakha က ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- The Lairam Times
ပုံစာ-ဟားခါးမြို့၊ ၁၆ လမ်းဆုံရှိ လမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်ဆို့ထားမူကို တွေ့ရစဥ်။