ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၇ ရက်

ဧရာဝတီတိုင်းအတွင်းရှိ ဟင်္သာတ၊ဇလွန်နှင့် ငါးသိုင်းချောင်းမြို့နယ်တို့တွင် လာမည့်ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်များကို ကျော်လွန်မြင့်တက်နိုင်ကြောင်း မိုးလေဝသသတိပေးချက်များအရ သိရသည်။

ငါးသိုင်းချောင်းမြို့နယ်တွင် ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်ရောက်ရှိနေကာ လာမည့် သုံးရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ မနက်ထုတ်ပြန်သည်။

ငါးသိုင်းချောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများကြိုတင် သတိပြုရန်လိုအပ်ပြီး အချိန်မီရှောင်ရှားနိုင်ရန်လိုအပ်ကြောင်းသတိပေးထားသည်။

ထို့ပြင် ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့နယ်၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့တွင် လာမည့်ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်ကျော်လွန်မြင့်တက်နိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း ကမ်းပြိုမှုများဖြစ်ပေါ်နေသည့်အတွက် လူနေအိမ်များဆုံးရှုံးမှုဖြစ်ပေါ်နေကြောင်း သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – ၂၀၂၄ ခုနှစ် ဇွန်လပိုင်းတွင်တွေ့ရသော ဧရာဝတီမြစ်နှင့် ငဝန်မြစ်ပုံ