
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
ကမ္ဘာ တစ်ဝန်း ကျော်ကြားခဲ့သော ဟော်ရာရုပ်ရှင် “Annabelle” ၏ ဇာတ်လမ်းမူရင်းဖြစ်သည့် ပြင်ပက Annabelle အရုပ်အစစ်ကို အမေရိကန်ပြည်ထောင်စုတစ်ဝန်း လှည့်လည်ပြသနေသည့် အစီအစဉ်၏ အဖွဲ့ခေါင်းဆောင်သည် ဇူလိုင်လ ၁၃ ရက်နေ့တွင် ရုတ်တရက် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ Annabelle အရုပ်အစစ်ကို ပြီးခဲ့သည့် မေလမှစတင်ပြီး Dan Rivera က ဦးဆောင်၍ “Devils on the Run” အမည်ဖြင့် အမေရိကန်နိုင်ငံတဝန်း လှည့်လည်ပြသခဲ့ပြီး ပန်ဆာဗေးနီးယား ပြည်နယ်သို့ရောက်ရှိလာစဉ် ဟိုတယ်ခန်းအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကာ ၎င်းသေဆုံးချိန်တွင် “Annabelle” အရုပ်လည်းအခန်းတွင်း ရှိနေကြောင်း သိရသည်။
လက်ရှိတွင် Dan Rivera ၏ သေဆုံးရခြင်းအကြောင်းအရာကို ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပဲ အဆိုပါ အရုပ်လှည့်လည်ပြသခြင်းအစီစဉ်ကိုမူ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အစီအစဉ်ကို ဦးဆောင်ပြုလုပ်သည့် New England Society for Psychic Research (NESPR)က ကြေညာခဲ့သည်။
“Annabelle” အမည်ရ အရုပ်ကို သဘာဝလွန်ဖြစ်ရပ်များကို စုံစမ်းလေ့လာသည့် Ed နှင့် Lorraine တို့ဇနီးမောင်နှံမှ ခြောက်လှန့်တက်သည်ဟူသည့်အယူအဆဖြင့် မှန်ဗီဒိုအတွင်း ၎င်းတို့ယုံကြည်ရာ အစီအရင်များနှင့်ပိတ်သိမ်းထားကာ အခြားစုဆောင်းထားသည့် သဘာဝလွန်ပစ္စည်းများနှင့် အတူ သိမ်းဆည်းထားပြီး ပြတိုက်အနေဖြင့် ပြသထားကြောင်း သိရသည်။
အဆိုပါ အရုပ်ကို အခြေခံကာ ရိုက်ကူးထားသည့် “Annabelle” အမည်ရ ဟော်ရာရုပ်ရှင်မှာ ကမ္ဘာတဝန်းတွင် လူကြိုက်များသည့်ရုပ်ရှင်ဖြစ်ခဲ့ပြီး ဇာတ်ကား သုံးကားအထိ ထွက်ရှိခဲ့ကြောင်းလည်း သိရသည်။
ကိုးကား – Evening Sun