
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင် စိုက်ခင်းများရှိ အဖိုးတန်ကျွန်း၊ ပျဥ်းကတိုး သစ်များကို နေ့စဥ် ခိုးထုတ်ရောင်းချနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။
အင်္ဂပူမြို့နယ်၊ ခုံကြီးအုပ်စု၊ မကျီးပင်ကွင်းချောင်းအနီးရှိ ကျွန်းစိုက်ခင်းများတွင် စိုက်ပျိုးထားသည့် အဖိုးတန်ကျွန်းသစ်များကို သစ်တော၊ အုပ်ချုပ်ရေးမှူး၊ ရဲအရာရှိများနှင့် ဒေသသစ်မှောင်ခိုများနှင့်ပူးပေါင်း၍ ခိုးယူရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ခွဲစိတ်ပိုင်းဖြတ်ထားသည့် အဖိုးတန် ကျွန်း၊ ပျဥ်းကတိုး သစ်များကို မဲဇလီကုန်း သစ်စက်များသို့ နေရောညပါ အခေါက်ပေါင်းများစွာ သယ်ယူပို့ဆောင်ပြီး ရောင်းချသည်ဟု သိရသည်။
“နေ့ဘက်တွေ ချိန်းစက်တွေနဲ့ဖြတ်တယ်။ ပြီးတော့ ညဘက်တစ်ညလုံးလိုလို မိုးလင်းပေါက်အထိသယ်ယူနေကြတာ။ အုပ်ချုပ်ရေးမှူးက ပိုက်ဆံယူပြီး ခွင့်ပြုထားတာ၊ ညဘက်တွေရွာထဲဆူညံ့နေရော၊ မူးမူးနဲ့ သစ်တွေကိုသယ်ယူနေကြတာ။ အိပ်လို့တောင်မရဘူး။ သက်ဆိုင်ရာ လူကြီးတွေကလဲ သိရက်သားနဲ့ မျက်ကွယ်ပြုထားကြတယ်”ဟု မကျီးပင်ကွင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မကျီးပင်ကွင်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် ရဲအရာရှိများအဖွဲ့နှင့်ပေါင်း၍ သစ်မှောင်သယ်ယူနေသည့် ဆိုင်ကယ်တစ်စီးလျှင် သုံးသောင်းကျပ်၊ ထော်လာဂျီ တစ်စီး တစ်သိန်းကျပ်တောင်းယူပြီး ကျေးရွာအတွင်းဖြတ်သန်း သွားလာခွင့်ပြုထားသည်ဟု ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း သစ်တော၊ အုပ်ချုပ်ရေးမှူး၊ ရဲအရာရှိများနှင့် ဒေသသစ်မှောင်ခိုများနှင့်ပူးပေါင်း၍ ကွင်းကောက်၊ ကျောင်းကွင်းအုပ်စု၊ တိုင်တစ်ရာကျေးရွာ၊ တိုင်တရာချောင်း၊ မကျီးပင်ကွင်းချောင်းအတွင်းရှိ သစ်များကို ကားများဖြင့်သယ်ဆောင်ပြီး သစ်ခွဲစက်များသို့ပို့ဆောင်ကာ ခိုးထုတ်ရောင်းချခဲ့ကြသည်။
ထိုသို့ တရားမဝင် သစ်များက်ို နေ့စဥ်ခိုးထုတ်ရောင်းချနေသော်လည် စစ်ကောင်စီလက်အောက်ခံ ဒေသအာဏာပိုင်များက ငွေကြေးများယူဆောင်ထားပြီး မျက်ကွယ်ပြုထားကြောင်း ဒေသခံများကပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ကျွန်းစိုက်ခင်းများအပြင် သစ်တောကြိုးဝိုင်းများရှိ အဖိုးတန်သစ်များကို စစ်ကောင်စီတပ်၊ သစ်တော၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် သစ်မှောင်ခိုများ ပူးပေါင်းကာ တွင်တွင်ကျယ်ကျယ် သစ် ခိုးထုတ်မှုများ ပ်ိုမိုပြုလုပ်လာကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-၂၀၂၄ ခုနှစ်က အင်္ဂပူမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းရှိ ကျွန်းသစ်များကို ခုတ်လှဲထားစဥ်(ပုံဟောင်း)