
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
မြန်မာနိုင်ငံသည် ၁၀ နှစ်ကျော်ကာလအတွင်းလူဦးရေတိုးပွားလာမှုမရှိသောကြောင့် ကလေးဦး ရေထက် အသက် ၆၅ နှစ်အထက်သက်ကြီးရွယ်အိုလူဦးရေပိုများလာတော့မည်ဖြစ်ကြောင်း စစ်ကောင် စီ၏ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားထားသည်။
၂၀၂၄ ခုနှစ်တွင်လူဦးရေ ၅ သန်းခန့်တိုးလာနိုင်ကြောင်းခန့်မှန်းထားသော်လည်း ၂၀၂၄ ရှေ့ပြေးသန်ခေါင်း စာရင်းအရ ၅၁ ဒသမ ၃ သန်းကျော်သာရှိပြီး ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွင်လည်း လူဦးရေ ၅၁ ဒသမ ၄ သန်းရှိကျော်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။
လက်ရှိတွင် အသက် ၆၀ ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီးများအတွက် အလုပ်လုပ်ကိုင်ခွင့်ရရန် နေရာမရှိဘဲ လူပိုတစ်ယောက်အနေဖြင့်ဖြတ်သန်းနေရကြောင်း အသက် ၆၀ အရွယ် အမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်းကို ပြောကြားသည်။
“ဒီနိုင်ငံမှာသက်ကြီးရွယ်အိုတွေအတွက် အလုပ်မရှိဘူး။ စင်ကာပူမှာဆိုရင် အနည်းဆုံး စားပွဲထိုး အလုပ် လုပ်လို့ရတယ်။ သန့်ရှင်းရေးလုပ်လို့ရတယ်။ ဒီနိုင်ငံမှာဘာမှလုပ်စရာမရှိဘူး။ ကားမောင်း တတ်ရင်တောင် ကားမောင်းဖို့နေရာရှိအုံးမှ။ အပင်ပန်းခံနိုင်အုံးမှဖြစ်မယ်” ဟု ၎င်းက ဆိုသည်။
အသက်ကြီးသူများအလုပ်လုပ်ကိုင်ရန် ပုဂ္ဂလိကအပိုင်းတွင်အခွင့်အလမ်းများဖန်တီးပေးရန်လိုအပ်ပြီး တစ်သက်တာပညာသင်ယူမှုနှင့် ပြန်လည်လေ့ကျင့်သင်ကြားနိုင်မည့် အခွင့်အလမ်းများ၊ အသက် အရွယ်ပေါင်းစုံအလုပ်လုပ်ကိုင်နိုင်ရန်အခွင့်အလမ်းများကြိုဆင်ပြင်ဆင်ထားရန်လိုပြီဖြစ်ကြောင်း ဒုစစ် ခေါင်းဆောင်က ဆိုသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင် ပြည်သူ့ဝန်ထမ်းများ၏ပင်စင်ယူနိုင်သည့်အသက်ကို ၆၀ နှစ်မှ ၆၂ နှစ်အထိတိုးမြင့်ထားသည်။
မြန်မာနိုင်ငံတွင်ကလေးမွေးဖွားနှုန်း တဖြည်းဖြည်းကျဆင်းလာပြီး အမျိုးသမီးတစ်ဦးသည် ကလေး မွေးဖွား နှုန်းအနေဖြင့် ၁၉၈၃ ခုနှစ်တွင် ၄ ဒသမ ၇ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၂ ဒသမ ၃ ဦး၊၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၁ ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၂ ဦးအောက်လျော့ကျလာပြီဖြစ်ကြောင်းသိရသည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် မြင့်တက်သွားသည့်ကုန်ဈေးနှုန်း၊ ကျဆင်းသွားသည့် စီးပွားရေး အခြေအနေ၊ ပျောက်ကွယ်သွားသည့်အလုပ်အကိုင်အခွင့်အလမ်းများအပါအဝင် အထွေထွေအကျပ် အတည်းများက လူငယ်များကို ဝန်ထုပ်ဝန်ပိုးဖြစ်စေကာ အိမ်ထောင်ထူထောင်ရန်တွန့်ဆုတ်နေကြပြီး အိမ်ထောင်ရှိသူများက ကလေးမွေးဖွားရန်ယုံကြည်မှုလျော့နည်းနေကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
“အခုခေတ်အခြေအနေနဲ့ အိမ်ထောင်ရှိလည်းကလေးမမွေးကြတော့ဘူး။ နိုင်ငံရေးအခြေအနေက မကောင်း ကုန်ဈေးနှုန်းတွေတက်တာနဲ့။ မိသားစုတစ်ခုတည်ဆောက်ဖို့ခက်ခဲတယ်။ သူများနိုင်ငံတွေလို အစိုးရဆိုတာက ထောက်ပံ့နိုင်တာလည်းမဟုတ်ဘူး။ ကလေးချစ်လို့ စီးပွားရေးအဆင်ပြေတဲ့သူပဲ မွေးနိုင်တော့တယ်။ အခုအိမ်ထောင်ကျတာ နှစ်နှစ်ရှိပြီ။ ကလေးမယူတော့ဘူးလို့ နှစ်ဦးသဘော တူထားတယ်” ဟု ရန်ကုန်ရှိ ပုဂ္ဂိလက ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်က အာဏာသိမ်းထားသည့် လေးနှစ်ကျော်အတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအပြင် အခြားကန့်သတ် ချက်များစွားကြောင့် ပြင်ပရွှေ့ပြောင်းလုပ်ကိုင်သူများ၊ နေရပ်ကို စွန့်ခွာနေ ထိုင်ကြသူများပိုမိုများပြားလာပြီး ပြည်တွင်း၌ လုပ်သားအင်အားနှင့် လူ့စွမ်းအားအရင်း အမြစ် များယိုဖိတ်လျက်ရှိသည်။
ဓာတ်ပုံ – လူမှုကွန်ရက်