
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
လူထောင်နှင့်ချီသေဆုံးရသည့်မန္တလေးနှင့် စစ်ကိုင်းအခြေပြုငလျင်ကြီး လှုပ်ခတ်မှုနောက်ပိုင်း နောက် ဆက် တွဲငလျင်လှုပ်ခတ်မှု ၂၀၆ ကြိမ်ရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။
ယနေ့ ဇူလိုင် ၁၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့တောင်ဘက် ၄ မိုင်ခန့်တွင် အင်အား ၄ ဒသမ ၉ ရစ်ခ်တာစကေးဖြင့် အနက် ၁၀ ကီလိုမီတာမှလှုပ်ခတ်မှု၊ ဝမ်းတွင်းမြို့၏ တောင်- အရှေ့တောင်ဘက် ၇ မိုင်ခန့်တွင် အင်အား ၄ ဒဿမ ၂ ရစ်ခ်တာစကေး အနက် ၁၀ ကီလိုမီတာမှ လှုပ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားသည့်နေအိမ်များကို ပြုပြင်နေချိန်တွင် ငလျင်ဆက်တိုက် လှုပ်ခတ်မှုများ ရှိနေသေးသဖြင့် စိုးရိမ်မှုများရှိကြောင်း၊ တစ်ခါတရံတွင် ငလျင်မလှုပ်ဘဲ ငလျင်လှုပ်နေသည်ဟု ထင်မှတ်နေကြောင်း မန္တလေးမြို့ခံ များထံမှ သိရသည်။
“ မနက်စောစောငလျင်က သိသာတယ်။ အိမ်နေချိန်ဆိုတော့ ခါရမ်းသွားတယ်။ တချို့လူတွေ ထွက်ပြေးကြတယ်။ လှုပ်ပြီးခဏကြတော့ပြန်ငြိမ်သွားတာ နဲ့အပြင်မထွက်ရဘူး” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်းကို ပြောသည်။
အဆိုပါငလျင်လှုပ်ခတ်မှုအရှိန်ကို မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့်ယင်းအနီး ပတ်ဝန်းကျင်မြို့များတွင် သိသာစွာခံစားလိုက်ရကြောင်းသိရသည်။
လက်ရှိတွင်ငလျင်ကြောင့်ထိခိုက်ခံစားရသူများကို လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများက အကူ အညီပေးရာတွင် ငလျင်ဒဏ်ခံရသူလူဦးရေ ၁ သန်းကိုသာပေးထားပြီး ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက် ထောက်ပံ့ငွေများလိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး ( UNOCHAM) ထံမှ သိရသည်။
စစ်ကိုင်းကို ဗဟိုပြု၍ အင်အားပြင်းထန်လွန်းသောငလျင် ၇ ဒသမ ၇ နှင့် ၇ ဒသမ ၅ ရစ်ခ်တာစကေး လှုပ်ခတ်မှုကြောင့် တိုင်းနှင့်ပြည်နယ် ခြောက်ခုထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ ၃၇၅၈ ဦး၊ ဒဏ်ရာရသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၄၈ ဦးရှိကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့အထိ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်