
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
မိုးလယ်ကာလ မြစ်ရေကြီးချိန်၌ မကွေးနှင့် ဧရာဝတီတိုင်းအတွင်းရှိ အချို့မြို့နယ်များတွင် ဧရာဝတီ မြစ်ရေမြင့်တက်နေရာ လာမည့်ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ် ရောက်ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က ယနေ့ ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။
ဧရာဝတီမြစ်ရေသည် မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ရေမှတ် ၁၄၄၅ စင်တီမီတာရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ် ၁၄၅၀ စင်တီမီတာထိရောက်ရှိနိုင်ကြောင်းသိရသည်။
ထို့အတူ ဧရာဝတီတိုင်း၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာရာ ဆိပ်သာမြို့တွင် လာမည့် တစ်ရက်အတွင်း ပေဝက်ခန့်မြင့်တက်ပြီး စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ ကျော်လွန်မည်ဖြစ်ကြောင်း မိုး/ဇလ က ဆိုထားသည်။
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင်လည်း လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ် ၁၃၄၂ စင်တီမီတာသို့ ရောက်ရှိမည်ဖြစ်ကာ ဇလွန်မြို့တွင် လာမည့်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် ၁၁၆၀ စင်တီမီတာသို့ရောက်ရှိနိုင်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင်စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိပြီးနောက် တစ်ရက်အတွင်း ပြန်လည်ကျဆင်းနိုင်ကာ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာ ထက်ကျော်လွန် ရောက်ရှိနေပြီး လာမည်တစ်ရက်အတွင်း ၃ လက်မခန့်မြင့်တက်လာနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။
ဧရာဝတီမြစ်နှင့်စစ်တောင်းမြစ်ရေ မြင့်တက်နေမှုကြောင့် မြစ်ကမ်းနားနေထိုင်သူများ မြို့နယ်ရပ်ကွက် များတွင် မြေနိမ့်ပိုင်းနေထိုင်သူများ သတိထားရန်လိုအပ်ပြီး ရွှေ့ပြောင်းနေထိုင်သင့်ကြောင်း အသိပေးထား သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်