
ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ဇူလိုင် ၁၆ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဗုဒ္ဓဂါမကျေးရွာတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်း၍ မောချောင်းရေ တိုက်စားမူကြောင့် လယ်မြေဧက ၁,၀၀၀ နီးပါး ပြိုကျပျက်စီးသွားကြောင်း လယ်ပိုင်ရှင် များထံမှ သိရသည်။
ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေကြောင့် မောချောင်းရေမြင့်တက်ကာ ချောင်းရေ တိုက်စားမူဖြစ်ပေါ်နေပြီး လယ်မြေများ ပြိုကျပျက်စီးသွားခြင်းဖြစ်သည်။
“အရင်နှစ်တွေကတည်းက ချောင်းရေ တိုက်စားလို့ လယ်မြေပြိုတာပါ။ ဒီနှစ်တော့ ၄ ရာခိုင်နှုန်းမှာ ၃ရာခိုင်နှုန်းလောက် လယ်မြေတွေပြိုတယ်။ အခုထိ မိုးရွာလို့ ချောင်းရေကြီးပြီး ပြိုနေတုန်းပါ။ လယ်မြေတွေ အားလုံးနီးပါး ပြိုသလောက်ဖြစ်နေပါပြီ” ဟု ဗုဒ္ဓဂါမကျေးရွာမှ လယ်ပိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ မြေပျိုကျကာ ပျက်စိးသွားသော လယ်မြေသည် ဧကပေါင်း ၁,၀၀၀ ကျော်နီးပါးရှိပြီး လယ်ပိုင်ရှင် ၁၈ ဦး ပိုင်ဆိုင်ထားကာ နှစ်စဥ် စပါးတင်း ၁၀,၀၀၀ ကျော်ထွက်ရှိကြောင်း သိရသည်။
လယ်မြေများကို ချောင်းရေ တိုက်စားမှုမှ ကာကွယ်ရန်အတွက် နွေရာသီတွင် ချောင်းကို လမ်းလွှဲရပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကူညီဖြေရှင်းဆောင်ရွက်ပေးရန် အကူညီလိုအပ်ကြောင်း ကျေးရွာ ဥက္ကဋ္ဌမှ တောင်းဆိုထားသည်။
“မိုးရာသီ ချောင်းရေ တိုက်စားလို့ လယ်မြေတွေ တစ်နှထက်တစ်နှစ် ပိုမိုပျက်စီးဆုံးရှုံးလိုက်ရတာ အရမ်းနှမြေဖို့ကောင်းတယ်။ ဒီချောင်းရေဟာ နွေရာသီဆို လမ်းလွှဲလို့ရတယ်။ လမ်းလွှဲလိုက်ရင် လယ်မြေပျက်စီးစရာမရှိတော့ဘူး။ အခုဆိုရင် လယ်ဧက ၁,၀၀၀ ကျော်ရှိတာ ၁,၀၀၀ လောက် မြေပြိုသွားပြီ။ ဧက ၃၀ ၊ ၄၀ လောက်ပဲကျန်တော့မယ်။ နည်းနည်းပဲ ကျန်တော့တယ်။ အဲဒါကို ကာကွယ်ဖို့ ရေလမ်းလွှဲရမယ်။ သိန်းတစ်ရာကျော်လောက်ကုန်မယ်။ ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့ အစည်းတွေက ကူညီပေးစေချင်တယ်။ အခုအခြေအနေနဲ့ဆို လယ်ပိုင်ရှင်တွေကလည်း မတက်နိုင် ကြဘူး” ဟု ဗုဒ္ဓဂါမကျေးရွာအုပ်ချုပ်ရေးမှူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗုဒ္ဓဂါမကျေးရွာရှိ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းဖြင့် တောင်ယာလုပ်ငန်းကို လုပ်ကိုင်နေကြသလို အများစုသည် လယ်ကိုအဓိကထား လုပ်ကိုင်ကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-မောချောင်းရေ တိုက်စားမူကြောင့် လယ်မြေများ ပြိုကျပျက်စီးနေသည်ကိုတွေ့ရစဉ်။