
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
မြန်မာနိုင်ငံ၏စပါးကျီ ဟုတင်စားခေါ်ဝေါ်ရသော ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ တောင်သူများကို စစ်ကော်မရှင်က မိသားစုဝင်ငွေတိုးရေးအတွက်ဟုဆိုကာ ကော်ဖီသီးနှံကိုစီမံကိန်းဖြင့် ဧက ၁၀၀ ကျော် စိုက်ပျိုးခိုင်းကြောင်း သိရသည်။
ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာအုပ်စု၊ မယ်ညိုကျေးရွာ၊ ကွင်းအမှတ်(၄၅၆)၊ ဦးပိုင်အမှတ် ၂၅/၇ရှိ တောင်သူဦးမျိုးမြင့်၏ ဥယျာဥ်ခြံမြေတွင် အောက်တိုဘာ ၁၃ ရက်နေ့မှစ၍ ကော်ဖီသီးနှံစတင် စိုက်ပျိုးကြောင်းသိရသည်။
ဖျာပုံမြို့နယ်တွင် မိသားစုဝင်ငွေတိုးပွားစေရေး၊ သီးနှံစွမ်းအားတိုးတက်မြင့်မားလာစေရေးအတွက် ကော်ဖီပင်စိုက်ဧက ၁၀၀ ဧက စိုက်ပျိုးရန် လျာထားကာ ကော်ဖီပျိုးပင် ၄၃,၅၀၀ ပျိုးထောင်ထားရှိပြီး ကျေးရွာအုပ်စု ၂၁ အုပ်စုတွင် စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဧရာဝတီတိုင်းဆိုတာ စပါးအများဆုံးစိုက်ပျိုးတဲ့နေရာပဲ။ အဲဒါကို ဖျာပုံမှာ ကော်ဖီစိုက်မယ်ဆိုတော့ အောင်မြင်ပါ့မလား။ ပထမဆုံး စိန်ခေါ်ချက်က ဈေးကွက်ပါ။ မြေပြန့်မှာ စိုက်လို့ရတဲ့ ရိုဘတ်စတာ (Robusta) အမျိုးအစား တွေရှိပေမယ့်ဈေးကွက်မှာက အရည်အသွေးမြင့်ပြီး ဈေးကောင်းရတဲ့ အာရေးဗီးကား (Arabica) ကိုပဲ သောက်တာများတယ်။ Robusta က ဈေးကွက်လိုအပ်ချက် နည်းပါတယ်” ဟု ကော်ဖီထုတ်လုပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကော်ဖီပင်များသည် ရေဝပ်ခြင်းနှင့် ရေငံဝင်ရောက်ခြင်းကို လုံးဝမနှစ်သက်သော်လည်း ဖျာပုံတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ရေငံဝင်ရောက်မှုနှင့် ရေဝပ်မှု အန္တရာယ် မြင့်မားကြောင်း သိရသည်။
“ဒီလို ရေငံနဲ့ ရေဝပ်တဲ့ဒေသမှာ ကော်ဖီကို စီမံကိန်းနဲ့ အင်အားသုံး စိုက်ပျိုးခိုင်းတာဟာ အောင်မြင်ဖို့ အလားအလာ အလွန်နည်းပါး ပါတယ်။ အဲဒီအစား စပါးကျီဒေသရဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့ စပါးကိုသာ ကောင်းကောင်း စိုက်ပျိုးထုတ်လုပ်ဖို့ ပိုလိုအပ်ပါတယ်” ဟု တောင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နှစ်ရှည်သီးပင်များကြားတွင် ကော်ဖီထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်ဧရိယာ တိုးတက်ကာ မြန်မာ့ကော်ဖီ ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်နိုင်စေရန်ရည်ရွယ်၍ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးခြင်းဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံမှ ကော်ဖီများကို တရုတ်၊ ထိုင်း၊ အမေရိကန်၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်ဂျီယံ၊ ဆွစ်ဇာလန် နိုင်ငံတို့သို့ တင်ပို့လျက်ရှိပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ် နှင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တို့တွင် ကော်ဖီတန်ချိန် ၂၀၀၀ နီးပါးခန့် ပြည်ပတင်ပို့နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ကုန်းမြင့်ကော်ဖီမျိုးများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ (တောင်ပိုင်း)နှင့် (မြောက်ပိုင်း) ဒေသများ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ မိုးကုတ်နှင့် ပြင်ဦးလွင်၊ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းရှိ နတ်ရေကန်တောင်တန်း စသည့်ဒေသများတွင် စိုက်ပျိုးမှုများပြီး မြေနိမ့်ကော်ဖီမျိုးများကို ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – အာရေးဗီးကားကော်ဖီစိုက်ခင်း